ချင်းပြည်တောင်ပိုင်းနှင့် မကွေးကို ဆက်သွယ်ထားသည် ကန်ပက်လက်- ဆော လမ်းမကြီး၏ တချို့နေရာများတွင် လမ်းပြိုကျပျက်စီးပြီး ပြည်သူများ ဒုက္ခရောက်နေသောကြောင့် ငွေကြေးအကြွေးယူ၍ လမ်းများ ပြုပြင်ပေးနေရသည်ဟု CDF- ကန်ပက်လက်၊ တူမီးတပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့်လက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆော- ကန်ပက်လက် လမ်းမကြီ၏ တချို့နေရာများတွင် ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး ယခုရက်ပိုင်းအတွင်း ပြုပြင်နေသောကြောင့် အောက်တိုဘာ ၁၉ ရက်မှ စ၍ ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း တူမီးတပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။
“အဓိက ဒီလမ်းက ကန်ပက်လက်ပြည်သူတွေအကုန်လုံး အသုံးပြုနေတဲ့ လမ်းဖြစ်တဲ့အတွက်ကြောင့် ငွေရေးကြေးရေးရှိလို့ ကျနော်တို့ ပြင်ပေးတာလည်း မဟုတ်ဘူး။ ပြည်သူတွေရဲ့ အခက်အခဲကို မကြည့်ရက်လို့ ဒီအတိုင်း အကြွေးနဲ့ပဲ ပြင်နေတာပါ။ ပူးပေါင်းနိုင်တဲ့ ပြည်သူတွေကလည်း ပူးပေါင်းပေးပေါ့နော်” ဟု တူမီးတပ်ရင်းက တာ၀န်ရှိသူက ပြောသည်။
ပြီးခဲ့သည့်လက မိုးအဆက်မပြတ် ရွာသွန်းပြီး ဆော- ကန်ပက်လက် လမ်းမပေါ်တွင် ပြိုကျပျက်စီးမှုတချို့ကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ တစ်ပတ်ကျော် ရပ်ဆိုင်းခဲ့ရကာ ပြည်သူများ၊ အရေးပေါ်လူနာများ အတွက် အခက်အခဲကြုံခဲ့ရသည်ဟု သိရသည်။
CDF- ကန်ပက်လက်၊ တူမီးတပ်ရင်းက ကန်ပက်လက်- ဆောလမ်းကို ၃ ရက်ကြာ ပြုပြင်နေမှုတွင် မြေတူးစက်ကြီး အတွက် နာရီကြေးနှင့် ဒီဇယ်ဆီတို့ကို အကြွေးများယူ၍ လုပ်ဆောင်နေရပြီး စုစုပေါင်းကုန်ကျစရိတ် မည်မျှဆိုသည်ကို မတွက်ချက်ရသေးကြောင်း တာဝန်ရှိသူ ပြောသည်။
ကန်ပက်လက်- ဆော လမ်းမကြီး၏ လမ်းပိုင်းတစ်နေရာတွင် ကတ္တရာပျောက်အောင် ပြိုကျသွားပြီး တခြားတနေရာမှာ အက်ကြောင်ထ နိမ့်ဆင်းသွားသောကြောင့် ဆိုင်ကယ်ဖြတ်လျှင်ပင် တုန်ခါနေသည်ဟု ဒေသခံများ ပြောဆိုမှုအရ သိရသည်။
ယင်းလမ်းပိုင်း ပျက်စီးမှုကြောင့် ကန်ပက်လက်မြို့နယ်မှ ပြည်သူများမှာ အခြေခံစားသောက်ကုန်ပစ္စည်းများကို ဆိုင်ကယ်များဖြင့် ခက်ခဲစွာ သယ်ယူနေရသည်ဟု သိရသည်။
ဆော-ကန်ပက်လက် လမ်းမကြီး ပျက်စီးမှုတွင် မကွေးတိုင်းဘက်က ပိုမိုပျက်စီးမှုများခဲ့ပြီး ကန်ပက်လက် မြို့နယ်ဘက် ပျက်စီးမှု ပိုနည်းခဲ့ကာ သက်ဆိုင်ရာမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့များက တာဝန်ယူပြီး လမ်းများကို ပြုပြင်ပေးစေချင်သည်ဟု တူမီးတပ်ရင်းက တာဝန်ရှိသူက ပြောဆိူသည်။
KMG ပေးပို့သည်။