မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးရှိ အလူးရွာအုပ်စုသို့ စစ်ကောင်စီက အကြိမ်ကြိမ် ကင်းပုန်းလာဝပ်လျက်ရှိတာကြောင့် ထိတွေ့တိုက်ပွဲနှင့် လက်နက်ကြီးအန္တရာယ်များ တကျော့ပြန်ဖြစ်လာမည့် စိုးရိမ်မှုကြောင့် လုံခြုံရေးသတိဖြင့်နေထိုင်နေရကြောင်း ရွာခံများက ပြောသည်။
ပြီးခဲ့သည့် ဧပြီလမှစ၍ အလူးရွာအုပ်စုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ရွာများအတွင်း မကြာခဏ စစ်ကြောင်းထိုးဝင်လာခြင်း၊ နေအိမ်မီးရှို့ခြင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်ခဲ့လို့ ထိခိုက်သေဆုံးရသည့် ဒေသခံများလည်းရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ယခုအောက်တိုဘာလအတွင်း နှစ်ဖက်တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်တပ်မော်တော်ယာဥ်တန်းများ အား လုံခြုံရေးယူပေးရန် ကားလမ်းနှင့် ပိုနီးကပ်သော အလူးအနောက်ရွာလေးသို့ စစ်ကောင်စီတပ်ဖွဲ့များက အကြိမ်ကြိမ် ကင်းပုန်းဝပ်လာဆဲ ဖြစ်သည့်အတွက် အလူးရွာအုပ်စုရှိ အနောက်ရွာလေးအပါအဝင် ကျန် ၄ ရွာ မှ ဒေသခံများလည်း သတိထားနေထိုင်ရသည်ဟု ရွာခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။
“အရင်က နှစ်ရက်ခြားတစ်ခါလောက် စစ်ကြောင်း ဝင်ဝင်လာတာ ဒီနေ့အထိဆို အကြိမ်နှစ်ဆယ် ဘယ်ကတော့မလဲ၊ မနေ့ကလည်း လမ်းကြောင်းရှိလို့ ကင်းပုန်းဝပ်ဖို့ဆိုပြီး အနောက်ရွာလေးကို ဝင်သွားတာ ညနေ ၄ နာရီလောက်မှ ပြန်ထွက်သွားတယ်။ သူတို့လာတာနဲ့ တချို့ရွာသားတွေကကြောက်ပြီး ရှောင်တယ်၊ ကျမတို့ကတော့ ရှောင်ရတာခဏခဏ ကြာတော့ မပြေးနိုင်တော့ဘူး ရိုးနေပြီ။ အသံလာရာနားထောင်ပြီး စားလည်းသတိ ညအိပ်လည်းသတိနဲ့တော့ နေရတာပေါ့” ဟု ၎င်းက ပြောသည်။
ဒေသခံများမှာ ခြံထွက်သီးနှံ စိုက်ပျိုးရောင်းချခြင်း၊ ရာဘာနှင့် တောင်ထန်းခုတ်ခြင်း၊ ဝါးခုတ်ခြင်း အများဆုံး လုပ်ကိုင်ကြရာတွင် ယခင်က စစ်ကောင်စီ စစ်ကြောင်းထိုးမှုနှင့် လက်နက်ကြီးဒဏ်များကြောင့် အကြိမ်ကြိမ် ထွက်ပြေးတိမ်းရှောင်ရတာကြောင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့ခဲ့ရပြီး အခုလို တိုက်ပွဲ ငြိမ်သက်ချိန်၌ အနည်းငယ် ပြန်လည်လုပ်ကိုင်နိုင်သော်လည်း စိုးရိမ်မှုရှိနေဆဲ ဖြစ်သည်ဟု နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“အခုလောလောဆယ်တော့ ငြိမ်နေတယ်။ နှစ်ဖက်မှာ တစ်ဖက်ငြိမ်နေတယ်ဆိုရင် နည်းနည်းလုပ်စားလို့ ရသေးတယ်လေ။ ဖြစ်လာပြီဆိုရင်တော့ တချို့က ဘုန်းကြီးကျောင်း ဒါမှမဟုတ် ဆွေမျိုးအိမ်မှာ သွားရှောင်တယ်၊ တောထဲမှာက လက်နက်ကြီးကျလို့ ရှောင်တဲ့သူမရှိဘူး။ အဲ့လိုအချိန်ဆို တော်ရုံတန်ရုံ အလုပ်မလုပ်ရဲကြတော့ ရှိတာလေးနဲ့ပဲ ထိန်းစားရတာ” ဟု အဆိုပါဒေသခံက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အလူးလေးရွာအတွင်း စစ်ကြောင်းဝင်ရောက်လာသည့်အတွက် အိမ်ခြေ ၉၀၀ ခန့်ရှိ အလူးရွာ ၅ ရွာနှင့် ဝင်းပြန်ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
အာဏာသိမ်းကာလအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၁) ထိန်းချုပ်သည့် အလူးရွာအုပ်စုသည် စစ်ကောင်စီဘက်မှ အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရပြီး တော်လှန်ရေး အင်အားစုများမှ နုတ်ထွက်ရန် သတိပေးမှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ဝံ့သူမရှိဘဲ ရပ်မိရပ်ဖများ၏ ဝိုင်းဝန်းစောင့်ရှောက်မှုဖြင့် သတိထားနေထိုင်နေရသည့် နယ်မြေတစ်ခု ဖြစ်သည်။
ကေအိုင်စီ ပေးပို့သည်။