မယ်စဲ့မြို့က စစ်ရှောင် ၁ သောင်းနီးပါးအတွက် အဝတ်အစားတွေနဲ့မိုးကာအကူအညီလိုအပ်နေ

By MPM 18 အောက်တိုဘာ, 2023 👁

ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ကရင်နီပြည်နယ်စပ်၊ မယ်စဲ့မြို့နယ်ထဲ၌ စစ်ဘေးရှောင်ဦးရေ ၁ သောင်းနီးပါးရှိနေပြီး အဆိုပါစစ်ရှောင်တွေအတွက် အဝတ်အစားနဲ့ မိုးကာကူညီလိုအပ်နေတယ်လို စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောသည်။

အဆိုပါ မယ်စဲ့မြို့ နယ်စပ်တကျောတွင် စစ်ရှောင်စခန်း ၉ ခု အထိရှိနေပြီး စစ်ရှောင်အများစုသည် တောတောင်ထဲမှာ စစ်ရှောင်နေကြတယ်လို့ သိရသည်။

“သူတို့တောထဲမှာ ရှိတဲ့အတွက်ကြောင့်မို့လို့ ခြင်ထောင်တို့လိုမျိုး၊ ပြီးတော့ သူတို့တွေက တဲလေးတွေ သွားထောင် နေရတာပေါ့နော်။ မိုးကာလေးတွေကစ ပြီးရင်ပေါ့၊ ကလေးမွေး မီးနေသည် ကာလအတွင်းမှာ ဆိုလို့ရှိရင် ထမင်းတို့ပေါ့နော်၊ အဲဟာမျိုးလေးတွေကစ သူတို့တွေမှာက ဝတ်စုံ တစုံနှစ်စုံလောက်ပဲ ရှိတယ်။ အဲ့မှာ တအား ခက်ခဲတာပေါ့နော်။ ဆိုတော့ တော်ရုံတန်ရုံနဲ့လည်း ဘယ်အဖွဲ့အစည်းမှလည်း မဝင်ဘူး” လို့ မယ်စဲ့စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကရင်နီအမျိုးသမီးအစည်းအရုံးရဲ့ အတွင်းရေးမှူး ၂ မော်ဖရေမြာက ပြောသည်။

အဆိုပါဒေသကို လုံခြုံရေးအခြေအနေကြောင့် အလှူရှင်အဖွဲ့အစည်းများ မရောက်ရှိနိုင်သလို စားနပ်ရိက္ခာနဲ့ အထွေထွေ လိုအပ်ချက်တွေ များနေတယ်လို့ မော်ဖရေမြာက ဆက်ပြောသည်။

“ဒီ ရိက္ခာခြောက် ၊ဆီ ၊ဆား ၊ ကုလားပဲတို့ ၊ ငရုတ်သီးတို့ ၊ကြက်သွန်နီ ၊ ကြက်သွန်ဖြူပြီးရင် ဆီလိုမျိုးဆိုရင် သူတို့ တော်တော်နဲ့ မစားရဘူးပေါ့နော်။ အဲ့လိုမျိုးတွေကစ အရမ်းလိုအပ်နေတဲ့ အနေအထားမှာ ကြုံတွေ့ရတယ်။ ပြီးရင် အထူးသဖြင့် မိုးကာပေါ့နော်၊ မိုးကာ အရမ်းတောင်းဆိုတယ်၊ ပြီးတော့ တောထဲမှာပဲနေတယ်၊ သစ်ပင်ကြီး အောက်မှာ နေထိုင်ရတဲ့အတွက်ကြောင့်မို့လို့ သူတို့အေးလာတယ်။ ခြင်ပေါက်လာတော့ ခြင်ဆေးဖြန်းတဲ့ဟာက အစ ကလေးဖိနပ်အဆုံး ကလေးငယ်လသား အဝတ်အစား အဲ့လိုတွေပေါ့ တော်တော်တော့ တောင်းဆိုတာတော့ ရှိတာပေါ့ သူတို့လိုအပ်ချက်ပေါ့” လို့ ၎င်းက ပြောဆိုသည်။

ဒါ့အပြင် စစ်ရှောင်စခန်းတွေမှာ စာသင်ကျောင်းရှိပေမဲ့ လိုအပ်ချက်တွေ များနေတာကြောင့် ကလေးငယ်တွေ ကျောင်းတက်ခွင့် မရသေးဘူးလို့လည်း ၎င်းက ဆိုသည်။

လတ်တလောတွင် ကလေးငယ်တွေအတွက် ဖိနပ်က အစ၊ လသားအရွယ် ကလေးငယ်တွေအတွက်လည်း အဝတ်အစားတွေ လိုအပ်နေတာကြောင့် အဝတ်အထည်နဲ့ တခြားထောက်ပံ့မှုတွေကို လှူဒါန်းပေးနိုင်ကြောင်းကို ကရင်နီစစ်ရှောင်ကူညီသူ တချို့က ဖေ့ဘွတ်လူမှုကွန်ရက် စာမျက်နှာတွေမှတဆင့် တောင်းဆိုနေသည်ကို တွေ့ရသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။