ညောင်လေးပင်ခရိုင်တွင် ရေဘေးကြောင့် စပါးခင်းများပျက်စီးဆုံးရှုံးမှု ဆက်ဖြစ်နေလို့အခက်အခဲဖြစ်နေ

By MPM 17 အောက်တိုဘာ, 2023 👁

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် မိုးရွာသွန်းမှုများပြားပြီး စစ်တောင်းမြစ်ရေ မြင့်တက်လာတာကြောင့် ကျောက်တံခါး၊ မုန်းနှင့် ဖြူးမြို့နယ်တို့မှ တချို့စပါးခင်းများ ရေနစ်မြုပ်ပျက်ဆီးမှု ဆက်လက်ဖြစ်ပေါ်နေလို့ စားဝတ်နေရေး ခက်ခဲနေကြောင်း အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများထံမှ သိရသည်။

ယင်းဒေသတွင် ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့မှ စ၍ မိုးရွာသွန်းမှုများပြားခဲ့တာကြောင့် မုန်းမြို့နယ် အတွင်းရှိ ကျေးရွာ ၉ ရွာထက်မနည်း ရေကြီးမှုဖြစ်ပွားပြီး လယ်ဧကပေါင်း ၂ ထောင်ခန့် ပျက်စီးဆုံးရှုံး ခဲ့ကြောင်း အောက်တိုဘာ ၁၃ ရက် နေ့စွဲဖြင့် KNU က ထုတ်ပြန်ထားသည်။

ထို့အတူ စစ်တောင်းမြစ် အနောက်ဖက်ခြမ်းတွင်လည်း အောက်တိုဘာ ၁၆ ရက်နေ့အထိ စစ်တောင်းမြစ်ရေ ဆက်လက်မြင့်တက်နေသဖြင့် ကျောက်တံခါးမြို့နယ်၊ အနန်းဘော်ကျေးရွာအုပ်စုနှင့် ဖြူးမြို့နယ် ကျေးရွာ တချို့ရှိ စပါးခင်းများ ရေနစ်မြှုပ်၊ ပျက်စီးမှုရှိနေကြောင်း ဒေသခံတောင်သူများက ပြောဆိုကြသည်။

“ချောင်းရေ တက်လာတယ်၊ စစ်တောင်းရေလည်း တိုးတယ်။ စစ်တောင်းရေတိုးလို့ စစ်တောင်း အနောက်ဖက်ခြမ်း အနန်းဘော်အုပ်စုက ကွင်းစပါးတွေ ရေနစ်ကုန်ပြီ။ ဖြူးနဲ့ ကျောက်တံခါးအစပ်လေ မုန်းဘက်မှာ ရှေ့ရက်ကရေတက်ပြီး မြောက်ဘက်ကနေတောင်ဘက်ကို ရေရောက်လာတဲ့သဘောပဲ၊ အခုထက်ထိ စပါးခင်းတွေ ရေမြှုပ်နေတုန်း၊ မှည့်နေတဲ့စပါးလယ်ခင်းတွေ မြှုပ်ကုန်တာ ဖွေးနေတာပဲ၊ တစ်မြို့နယ်လုံး မြှုပ်တာတော့မဟုတ်ဘူး အနိမ့်ပိုင်းလောက်ပေါ့” ဟု ဒေသခံစပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

ရေဘေးကြောင့် မုန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ပိတ်ထားရပြီး လက်ရှိတွင် ရေအနည်းငယ်သာ ပြန်ကျသေးသဖြင့် ရေဘေးသင့်ကျေးရွာများသို့ လိုအပ်သော အကူအညီများပေးရန် လိုအပ်လျက်ရှိကြောင်း မုန်းမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီထံမှ သိရသည်။

ကော်မတီဝင်တစ်ဦးက “လောလောဆယ် ရေကနည်းနည်းတော့လျော့သွားတယ်။ ဒါပေမဲ့ မြုပ်နေတဲ့ စပါးတွေကတော့ ပြန်မပေါ်သေးဘူး။ ပျက်စီးဆုံးရှုံးမှုကတော့ စစ်တောင်းအနောက်ဖက်ကမ်းက ရေမြှုပ်တာ ပိုများတယ်။ အဲဒီရွာတွေက သုံးပုံတစ်ပုံလောက်ပဲ စီးပွားရေးဆက်လုပ်နေတာ ကျန်တဲ့သူတွေက စစ်ရှောင်ပဲ” ဟု ၎င်းက ဆိုသည်။

ညောင်လေးပင်ခရိုင်ရှိ ဒေသခံပြည်သူအများစုမှာ စပါး၊ ပဲနှင့် ခြံထွက်သီးနှံစိုက်ပျိုးခြင်းများ လုပ်ကိုင်ကြပြီး ယခုစစ်အာဏာသိမ်းထားသည့်ကာလတွင် ဒေသအတွင်း ပဋိပက္ခများနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကြောင့် စားသောက်ကုန်ဈေးနှုန်းသာမက စိုက်ခင်းအတွက် မြေဩဇာ၊ ပိုးသတ်ပေါင်းသတ်ဆေး ဈေးနှုန်းကြီးမြင့်မှုများပါ ရင်ဆိုင်နေရကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

“အမှန်မှာ ပဲခူးရေဘေးလှူသလို ဒီကလူတွေကို လာလှူလို့ရရင်ကောင်းမယ်။ ဒီမှာ တချို့က ဆန်ကွဲပဲ၊ ဆန်ပြုတ် ပြုတ်စားနေရတယ်။ လမ်းပန်းအဆင်မပြေတော့ လှူမယ့်သူတွေက မဝင်ရဲကြဘူး ဖြစ်နေတာ။ ဈေးတွေကလည်း ခေါင်ခိုက်နေတာပဲ။ ဆီတစ်ပိသာ တစ်သောင်းခွဲ၊ ကြက်သွန်နီ ဈေးလည်းကြီးလို့ တော်ရုံဆို ထည့်တောင် မစားကြတော့ဘူး။ ဆန်ကလဲ တစ်သိန်းခွဲ ဖြစ်သွားပြီ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

KNU ထိန်းချုပ်သည့် ညောင်လေးပင်ခရိုင်သည် ပဋိပက္ခများကြောင့် စစ်ဘေးတိမ်းရှောင်သူဦးရေ ၂ သိန်းကျော် ရှိလာနေပြီး ယနေ့အချိန်အထိ ကျေးရွာအများစုမှာ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွေ့လျားစစ်ရှောင်နေရသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်အတွင်းက ပဲခူးမြစ်ရေ မြင့်တက်မှုကြောင့် ပဲခူးမြို့ပေါ်အထိ ရေနစ်မြှုပ်မှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၁ သောင်းကျော် ရေဘေးသင့်ခဲ့ကြပြီး ပဲခူးမြို့တဝိုက်ရှိ ကျေးရွာများမှ စပါးခင်းများ ရေနစ်မြှုပ်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသအတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ကေအိုင်စီ ပေးပို့သည်။