စစ်ကောင်စီက စီစဉ်ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA “၈” နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး- ABSDF ဒု-ဥက္ကဋ္ဌဦးမျိုး၀င်း အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦးကို နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာတာဝန်များမှ ရုပ်သိမ်းလိုက်သည်။
အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး/မကဒတ – ABSDF အရေးပေါ် ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ၎င်းတို့အား နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ တာဝန်များမှ ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ABSDF ဗဟိုကော်မတီက ယင်းနေ့ ရက်စွဲဖြင် ထုတ်ပြန်ခဲ့သည်။
“ပါတီအဖွဲ့အစည်းရဲ့ သဘောထားရပ်တည်ချက် မဟုတ်ဘဲနဲ့ သူတို့ရဲ့သဘောဆန္ဒအတိုင်း စစ်ကောင်စီက တရားမဝင်ကျင်းပတဲ့ “၈” နှစ်မြောက် NCA နှစ်ပတ်လည်နေ့ သွားတက်တဲ့ ရဲဘော် ၃ ဦးကိုတော့ သူတို့ရဲ့ နိုင်ငံရေးတာဝန်တွေ စစ်ရေးတာဝန်တွေက ရပ်နားလိုက်ပါတယ်” ဟု ABSDF မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဆန်နီက ပြောဆိုသည်။
NCA “၈Ó နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့သဖြင့် တာဝန်မှရပ်စဲခံရသူ ၃ ဦးမှာ ABSDF ဒုဥက္ကဌ ရဲဘော်မျိုးဝင်း၊ တပ်မမှူး ရဲဘော်မင်းဇော်နှင့် ရဲဘော်စောမောင်မောင်ဦးတို့ ဖြစ်ကြောင်း ရဲဘော်ဆန်နီက အတည်ပြုပြောသည်။
တပ်ဖွဲ့ဝင် ၃ ဦးသည် NCA “၈” နှစ်မြောက် အခမ်းအနားသို့ မကဒတမှ ချမှတ်ထားသော မူ၊ သဘောထား၊ ရပ်တည်ချက်များနှင့် ဆန့်ကျင်၍ ၎င်းတို့၏ ဆန္ဒသဘောထားသက်သက်ဖြင့် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရ သောကြောင့် ၎င်းတို့၏ နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ တာဝန်အသီးသီးကို ရုပ်သိမ်းလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၏ သဘောထား၊ ရပ်တည်ချက်များနှင့် ဆန့်ကျင်သည်များ ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် ၎င်းတို့အား သတိပေးသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၁၉၈၈ ခုနှစ်တွင် တည်ထောင်ခဲ့သော ABSDF သည် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်- NCA စာချုပ် လက်မှတ်ထိုးရာတွင် ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီကြောင့် NCA စာချုပ်မှာ ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း နှင့် NCA ရှစ်နှစ်ပြည့် အခမ်းအနားကို တက်ရောက်မည် မဟုတ်ကြောင်း ABSDF၊ CNF ၊ KNU စသည့် သုံးဖွဲ့က သဘောထားပူးတွဲထုတ်ပြန်ခဲ့ပါသည်။
နိရဉ္စရာ ပေးပို့သည်။