NCA နှင့်ပတ်သက်သည့် ဘုံနိုင်ငံရေးရည်မှန်းချက် ရပ်တည်ချက်အား အပစ်ရပ်အဖွဲ့ ၃ ဖွဲ့ ပူးတွဲထုတ်ပြန်

By MPM 13 အောက်တိုဘာ, 2023 👁

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDFနှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့က NCA နှင့် ပတ်သက်သည့် ဘုံနိုင်ငံရေးရည်မှန်းချက်၊ ရပ်တည်ချက်များအား အောက်တိုဘာ ၁၂ ရက် နေ့စွဲဖြင့် ပူးတွဲသဘောထားထုတ်ပြန်သည်။

အပစ်ရပ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ် ပြည်ထောင်စုအတွက် စစ်ကောင်စီ၏ နိုင်ငံရေးတွင် ပါဝင်နေမှုကို အဆုံးသတ်ကာ ပြန်လည်ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲ၍ အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ထားရှိစေခြင်းတို့ပါဝင်သော နိုင်ငံရေးရည်မှန်းချက် (၅) ချက် အပါအဝင် ရပ်တည်ချက် (၆) ချက်ဖြင့် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို အဆုံးသတ်ခြင်းမရှိပါက မိမိတို့အနေဖြင့် စစ်ကောင်စီနှင့် မည်သည့်ဆွေးနွေးပွဲမှ ပြုလုပ်ရန်မရှိကြောင်း ဖော်ပြထားသည်။

“ကျနော်တို့ရဲ့ ဘုံရည်မှန်းချက်တွေကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ လိုအပ်လို့ ထုတ်ပြန်ရတာပါ။ ဒီဘုံသဘောထားတွေကို ကျနော်တို့ အမြဲပွင့်ပွင့်လင်းလင်း ထုတ်ဖော်လေ့ရှိတယ်။ ဒါကို စစ်ကောင်စီဘက်က ဘယ်သောအခါမှ လက်မခံခဲ့ဘူး။ အကြိမ်ကြိမ် ငြင်းပယ်တယ်၊ နည်းမျိုးစုံနဲ့ ရှောင်ပြီးတော့ ငြင်းဆိုခဲ့တယ်။ ကျနော်တို့ ထုတ်ပြန်ထားတာကိုကြည့်ရင် တစ်နိုင်ငံလုံးကပြည်သူတွေအတွက် ဆိုတာကို မြင်တွေ့ရမှာ ဖြစ်တယ်။ ဒါတွေအကောင်အထည်ဖော်ဖို့ဆိုတာ ဘက်ပေါင်းစုံမှာ ဆောင်ရွက်နေကြတဲ့ ပြည်သူလူထု တစ်ရပ်လုံးက ပါဝင်လာဖို့လိုအပ်ပါတယ်” ဟု KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။

အပစ်ရပ်အဖွဲ့များ၏ ဘုံရည်မှန်းချက်တွင် ပဋိပက္ခကာလအတွင်း မတရားကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှုရရှိရန်၊ နိုင်ငံတကာ၏ ညှိနှိုင်းမှုအကူအညီများအား သဘောတူလက်ခံရန် ထည့်သွင်းထားပြီး အာဏာရှင်စနစ်မှန်သမျှကို လက်သင့်မခံသလို နိုင်ငံရေးအခွင့်ထူးခံများ၏ အာဏာခွဲဝေမှုကို လက်မခံကြောင်း ပါဝင်သော ဘုံရပ်တည်ချက်များကို အသေးစိတ်ဖော်ပြထားသည်။

စစ်ကောင်စီက NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်ရေးထိုးမှု မရှိသော်လည်း တက်ရောက်လာမည့် အခြားအစုအဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် နိုင်ငံတကာ အသိသက်သေများအား အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် NCA Ò၈Ó နှစ်ပြည့်အခမ်းအနား ကျင်းပရန် ဖိတ်ခေါ်ထားပြီး ထိုရက်နီးကပ်လာချိန်တွင် KNU ပါဝင်သော အပစ်ရပ်အဖွဲ့များက ယခုလို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

NCA သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ပျက်ပြယ်သွားခဲ့ပြီး စစ်ကောင်စီကျင်းပသော ‘၈’ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်မည်မဟုတ်ကြောင်းကိုလည်း ထုတ်ပြန်ချက်ပါပြောခွင့်ရသူ ABSDF အဖွဲ့မှ ရဲဘော်ဆန်နီက ယခုလိုပြောသည်။

“ကျနော်တို့ကိုလည်း စစ်တပ်က NCA တက်ဖို့ ဖိတ်လာတာရှိတယ်။ ကျနော်တို့တက်ရောက်မှာ မဟုတ်ပါဘူး။ လက်ရှိမှာ NCA ကိုလည်း ဆက်အကောင်အထည်ဖော်လို့ မရတော့ဘူး။ NCA က ပြီးခဲ့တဲ့ နိုင်ငံရေး အခင်းအကျင်းမှာ ဆောင်ရွက်ခဲ့ရတာဖြစ်တယ်။ အခုလို နိုင်ငံရေးပြောင်းလဲပြီဖြစ်တဲ့အတွက် အတိတ်မှာ ချန်ထားခဲ့ရတဲ့ စာချုပ်တစ်ခုပဲ ဖြစ်သွားပြီ။ ကျနော်တို့အနေနဲ့လည်း စစ်ကောင်စီအတွက် တရားဝင်စေတဲ့ ဘယ်လိုဆက်ဆံမှုမျိုးမဆို လုပ်မှာမဟုတ်ပါဘူး” ဟု ရဲဘော်ဆန်နီက ပြောဆိုသည်။

ထို့အပြင် အပစ်ရပ်အဖွဲ့များအနေဖြင့် အာဏာသိမ်းမှုမတိုင်ခင်က စစ်ကောင်စီနှင့် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများတွင် ၎င်းတို့၏နိုင်ငံရေးသဘောထားအား သိရှိထားပြီးဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်များကိုသာ NCA အရ ကန့်သတ်လိုခြင်း ဖြစ်သောကြောင့် စစ်ကောင်စီနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လုပ်ရန်မသင့်ဟု KNU က အသိပေးသည်။

“NCA ထဲမှာပါဝင်တဲ့ အချက်အလက်တွေအားလုံးက သူတို့ (စစ်တပ်) နဲ့မဆိုင်ဘူး လိုက်နာရမှာက EAO တွေပဲ ဖြစ်တယ်ဆိုပြီး နဂိုကတည်းက သူတို့ပြောထားပြီးသားဖြစ်တယ်၊ သူတို့ဘက်ကကျတော့ သွားချင်တဲ့ ပုံစံအတိုင်းသွားပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို NCA ကနေ ကန့်သတ်ချင်တာကို ကျနော်တို့ နားလည်ထားပြီးသားပါ။ ဒါကြောင့် KNU အနေနဲ့က စစ်ကောင်စီနဲ့ ဘယ်လိုမှ နိုင်ငံရေးဆွေးနွေးဖို့ဆိုတာ မသင့်တော်ဘူးဆိုတာ ပြည်သူတွေကိုလည်း အသိပေးချင်တယ်” ဟု ပဒိုကလယ်စေးက ဆိုသည်။

ထို့အတူ အပစ်ရပ်အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် လုပ်ဆောင်ချက် များတွင် မပါဝင်ရန်နှင့် မိမိတို့ အပစ်ရပ်အဖွဲ့သုံးဖွဲ့၏ ဘုံရည်မှန်းချက် ရပ်တည်ချက်များ အကောင်အထည် ဖော်ရာတွင် ပံ့ပိုးကူညီကြရန် ပြည်သူလူထုအပါအဝင် NCA တွင် ပါဝင်နေသောအဖွဲ့များနှင့် နိုင်ငံတကာ အစိုးရများကိုလည်း တောင်းဆိုတိုက်တွန်းထားပါသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ တစုံတရာတုံ့ပြန်ပြောဆိုမှု မတွေ့ရှိရသေးပါ။

စစ်ကောင်စီသည် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များအား တံခါးဖွင့်ကြိုဆိုနေကြောင်း အမြဲမပြတ် ပြောဆို၍ နေပြည်တော်တွင် NCA နှစ်ပတ်လည်ပွဲကျင်းပပြုလုပ်ရန် တခမ်းတနား ပြင်ဆင်နေသလို တဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများသို့ စစ်ကြောင်းထိုးဝင်ရောက်၍ ပြည်သူလူထုနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိနေသည်။

ကေအိုင်စီ ပေးပို့သည်။