AA ဆိုပြီး စစ်ကောင်စီကဖမ်းဆီးသွားသည့်လူငယ် ၂ ဦး တစ်လကျော်ကြာသည့်တိုင် အဆက်အသွယ်မရဟုဆို

0
343
ပုံစာ - ဖမ်းဆီးခံထားရသည့် မောင်ညီညီဆန်းအားတွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ရန်ကုန်ကိုသွားသည့် လူငယ် ၂ ဦးအား ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များဟုဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် တစ်လကျော်ကြာသည့်တိုင်အောင် မိသားစုနှင့် အဆက်အသွယ် မရသေးတာကြောင့် စိုးရိမ်ပူပင်နေကြသည်ဟု မိသားဝင်စုများက ပြောသည်။

ဖမ်းဆီးခံရသူတစ်ဦးဖြစ်သည့် မောင်ညီညီဆန်း၏အစ်မဖြစ်သူ မသိန်းဆန်းနွယ်က “ဖမ်းထားတယ်ဆိုလည်း ဘာအမှုနဲ့ပဲ ဖြစ်ဖြစ်၊ ထောင်ပဲကျကျပေါ့နော်။ အသက်ရှင်လျက် ရှိနေလား။ ကျန်းမာနေလား။ ဘယ်မှာရှိနေတယ် ဆိုတာကိုတော့ မိသားစုဆီကို တချက်လောက် ဆက်သွယ်ပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူများမှာ မြေပုံမြို့နယ်၊ စိတ္တရကျေးရွာမှ ဦးသိန်းရွှေနုနှင့် ဒေါ်ကျာမနုတို့၏သား မောင်ညီညီဆန်း (၁၉)နှစ်နှင့် သူနှင့်ရွယ်တူ နောက်ထပ်လူငယ်တစ်ဦးတို့ ဖြစ်သည်။

၎င်းတို့ ၂ ဦးသည် ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်က ရန်ကုန်ကိုသွားသည့် ခရီးသည်တင်ကားတစ်စီးဖြင့် တောင်ကုတ်မြို့မှ လိုက်ပါစီးနင်းသွားကြောင်း သိရသည်။

ထိုသို့ လိုက်ပါစီးနင်းလာရာတွင် ယင်းနေ့ ည ၁၀ နာရီခွဲ၌ ဂွ မြို့အလွန်တွင်ရှိသည့် ဒေါင့်ချောင်းစစ်ဆေးရေးဂိတ် အရောက်တွင် ခရီးသည်များကို ရဲ၊ စစ်သားများနှင့် လဝကမှ တာဝန်ရှိသူများက မှတ်ပုံတင်များစစ်ဆေးရာ၌ AA သံသယဖြင့် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

မောင်ညီညီဆန်း၏ မိခင်ဖြစ်သူမှာ နဂိုကတည်းကပင် ကျန်းမာရေးမကောင်းသူဖြစ်ပြီး လက်ရှိတွင် သားဖြစ်သူသတင်း တစုံတရာမသိရသည့်အတွက် သားစိတ်နှင့် စိတ်ပိုင်းဆိုင်ရာရောဂါကိုပါ ခံစားနေရသည်ဟု အစ်မဖြစ်သူ မသိန်းဆန်းနွယ်က ဆက်ပြောသည်။

“ကျွန်မတို့က နားမလည်လို့ ဘယ်ကိုသွားကြည့်ရမလဲမသိဘူး။ ဘယ်လိုလုပ်ရမယ်မှန်းလည်း မသိလို့ပါ။ ပြောပြမယ့်သူတွေလည်း မရှိတော့လေ။ အမေက သားအငယ်ဆုံးစိတ်နဲ့ စိတ္တဇနာဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသည့် မောင်ညီညီဆန်းမှာ အသက် ၁၅ နှစ်အရွယ်ကတည်းက အိမ်မှထွက်ခွာကာ အပြင်တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်ဟု အစ်မဖြစ်သူ ပြောသည်။

သူနှင့်အတူဖမ်းဆီးခံသူမှာ အဆက်အသွယ်တစုံတရာ မရသေးသည့်အတွက်ကြောင့် မည်သူမည်ဝါမှန်း မသိရသေးပါ။

ရခိုင်မှ ရန်ကုန်ကိုသွားသည့် ကားလမ်းတလျှောက်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ပေါင်းများစွာ တိုးချထားပြီး ထိုစစ်ဆေးရေးဂိတ်များတွင် ခရီးသည်များကို မထင်လျှင်မထင်သလို စစ်ဆေးမှုများနှင့် ငွေကြေးတောင်းခံမှု များလည်းရှိသည်ဟု ဒေသခံများနှင့် ကားသမားများက ပြောသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here