မုန်လိုင်ခက်စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုက စစ်ရာဇဝတ်မှုမြောက်ကြောင်း KNU ရှုတ်ချ

0
314
ပုံစာ - မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရပြီးမြင်ကွင်း။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး မုန်လိုင်ခက်စစ်ရှောင်စခန်းအား ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့ ညည့်နက်ပိုင်းမှာ စစ်ကောင်စီမှဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ဘေးရှောင်များ ထိခိုက်သေဆုံးခဲ့ရခြင်းသည် စစ်ရာဇဝတ်မှုမြောက်သည့်အတွက် KNU- ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ပြောဆိုသည်။

ကလေးငယ် ၁၁ ဦးနှင့် အမျိုးသမီးများအပါအဝင် စစ်ဘေးရှောင် ၂၉ ဦး သေဆုံးပြီး ၅၇ ဦးထက်မနည်း ထိခိုက်မှု ရှိခဲ့သည့်ဖြစ်စဥ်အား ကျူးလွန်ခဲ့သည့် စစ်ကောင်စီအနေဖြင့် အရပ်ဘက်၊ စစ်ဘက်နှင့် ကလေးငယ် ဟု ခွဲခြားခြင်း၊ လူထုအသက်အိုးအိမ် ဆုံးရှုံးပျက်စီးမည့်အရေးကို စိုးရိမ်ခြင်းမရှိဘဲ အင်အားအလွန်အကျွံသုံး လုပ်ဆောင်ခြင်းက စစ်ရာဇဝတ်မှုတစ်ခုဖြစ်သည်ဟု KNU က ဆိုထားသည်။

အောက်တိုဘာ ၁၁ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် KNU ၏ အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူပိုင်ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရပ်များအား လုပ်ဆောင်လာသော စစ်ကောင်စီက ထိခိုက်နစ်နာသူ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှုအား လက်နက်အဖြစ်အသုံးချကာ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းနေသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

“ကျနော်တို့နိုင်ငံထဲမှာ ပြည်သူဒုက္ခရောက်အောင် လုပ်တာလည်း သူတို့(စစ်တပ်) ပဲ၊ IDP လို့ ခေါ်တဲ့ ဒုက္ခရောက်သူ စစ်ဘေးရှောင်တွေကို ကူဖို့ဆိုတာလည်း သူတို့ကနေတဆင့် ဖြတ်သန်းနေရတယ်။ ကျနော်တို့ လိုချင်တာက နိုင်ငံတကာအကူအညီပေးမယ်ဆိုရင် နယ်စပ်ဖြတ်ကျော် အကူအညီလိုအပ်တယ်။ ဒါပေမဲ့ စစ်ကောင်စီက သူတို့ဒုက္ခပေးသူကို သူတို့ပြန်ကူတယ်ဆိုတာက ဒီအကူအညီတွေကို လက်နက်လို အသုံးပြုနေတဲ့အဓိပ္ပါယ်ပဲ။ အခု KIA ဘက်ကိုလည်း NCA နှစ်ပတ်လည်တက်ဖို့ ဖိတ်စာပို့ပေမယ့် ကချင်ပြည်သူထုကို ဒီလိုလုပ်သွားပြီ ကျနော်တို့လည်း စစ်ရေးသတိ နိုင်ငံရေးသတိနဲ့ ဆက်လက်ဆောင်ရွက်နေရတယ်” ဟု KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောဆိုသည်။

စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်ကောင်စီအား နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အရေးယူမှုများ ပြုလုပ်၍ နိုင်ငံတကာနှင့်ဆက်ဆံရေးတွင် နေရာမပေးဘဲ လက်နက်နှင့်ငွေကြေးအင်အားအတွက် နည်းမျိုးစုံဖြင့် အထောက်အပံ့ဖြစ်စေခြင်းအား ရပ်တန့်ရန် KNU က တောင်းဆိုထားသေးပါသည်။

ထို့အတူ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC ကလည်း မုန်လိုင်ခက်ဒေသဖြစ်စဥ်နှင့် ပတ်သက်၍ လာမည့်‌အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) ဖြစ်ပေါ်လာရန် အစပြုခဲ့သည့် လိုင်ဇာဒေသတွင် အစုလိုက်အပြုံလိုက်သေကြေပျက်စီးမှုအား ထပ်မံ ကျူးလွန်ခဲ့သော စစ်ကောင်စီ၏လုပ်ရပ်ကို PNFC အနေဖြင့် အပြင်းအထန်ရှုတ်ချကြောင်း အောက်တိုဘာလ ၁၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

အလားတူ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့် (MNTJP/MNDAA)၊ တအောင်း (PSLF/TNLA)နှင့် ရခိုင် (ULA/AA၊) တို့ကလည်း မုန်လိုင်ခက်ဖြစ်စဥ်သည် စစ်ကောင်စီက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်၍ တရားမျှတမှုရရှိရန် ကချင်ပြည်သူလူထုအပါအဝင် KIO/KIA တို့နှင့်အတူ ရပ်တည်သွားမည်ဟု အောက်တိုဘာလ ၁၀ ရက်နေ့ကပင် ထုတ်ပြန်ပြောဆိုခဲ့သည်။

စစ်ကောင်စီဘက်က ထုတ်ပြန်သည့်သတင်းများတွင် အဆိုပါဖြစ်စဥ်သည် မိမိတို့က ဗုံးကြဲပစ်ခတ်ခဲ့ခြင်း မဟုတ်ဘဲ၊ KIO/KIA ၏ ယမ်းစက်ရုံ ပေါက်ကွဲခြင်းကြောင့် ဖြစ်သလို ထိခိုက်သေဆုံးသူများသည်လည်း KIO-ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နှင့် ၎င်းတို့၏ မိသားစုဝင်များ ဖြစ်သည်ဟု တုံ့ပြန်ငြင်းဆိုထားသည်ကို တွေ့ရသည်။

KIO/KIA အနေဖြင့် စစ်ကောင်စီဘက်က တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် ဖြစ်စဥ်အသေးစိတ်အား သိရှိနိုင်ရန် စုံစမ်းဖော်ထုတ်ရေးကော်မတီဖွဲ့ကာလုပ်ဆောင်နေသလို ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံရာနှင့်ချီ ရှိနေကြောင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကချင်သတင်းဌာနသို့ ဖြေကြားထားချက်အရ သိရသည်။

စစ်ကောင်စီသည် မကြာမီကျရောက်မည့် NCA နှစ်ပတ်လည်နေ့သို့ တက်ရောက်ရန် KIO အား ဖိတ်ခေါ်ထားသည့် အခြေအနေနှင့်အတူ ဖားကန့်မြို့နယ် အနန်ပါဒေသတွင် KIO အထိမ်းအမှတ်အကြိုနေ့ ကျင်းပနေရာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့ဖြစ်စဥ် တစ်နှစ်ပြည့်မြောက်တော့မည့် ကာလတွင် ထိုသို့ထပ်မံ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here