နောင်ကွမ်ကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒေသခံနေအိမ်များထဲက ပစ္စည်းများကို ခိုးယူ

0
216
ပုံစာ- စစ်ကောင်စီစစ်ကြောင်းက ဒေသခံနေအိမ်များထဲကပစ္စည်းများကိုခိုးယူ။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် နောင်ကွမ်ကျေးရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာပြီး ရွာသားတွေကို ဘုန်းကြီးကျောင်းမှာ ပြောင်းရွေ့ထားခိုင်းပြီးနောက် နေအိမ်တွေကိုဝင်မွှေပြီး ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ မိုးမောက်ဒေသခံပြောဆိုမှုအရ သိရသည်။

မိုးမောက် ဒေသခံအမျိုးသားတစ်ဦးက “နောင်ကွမ်ရွာကို ဝင်တာပေါ့၊ ဝင်ပြီးမှ စကစကနေပြီးတော့မှ ရွာသားတွေကို ဘုန်းကြီးကျောင်းထဲမှာ အားလုံးရွေ့ခိုင်းပြီးတော့မှ လက်ကိုင်ဖုန်းတွေ အကုန်သိမ်းသွားတာ၊ သိမ်းပြီးနောက် သူတို့ကနေအိမ်တွေ တစ်အိမ်ပြီးတစ်အိမ်ဝင်ရှာ သူတို့ယူချင်တဲ့ ပစ္စည်းတွေကိုယူသွား အဲ့လို လုပ်တာ” လို့ ပြောသည်။

ဒေါ့ဖုန်းယန်မြို့တွင်းတပ်မှ စစ်အင်အား ၅၀ ဝန်းကျင်ရှိသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၉ ရက်နေ့ မနက်ပိုင်းမှာ ဒေါ့ဖုန်းယန်နဲ့ ၄ မိုင်ကွာဝေးတဲ့ နောင်ကွမ်ကျေးရွာထဲကို ဝင်ရောက်လာတာဖြစ်တယ်လို့ ဒေသခံများက ဆိုသည်။

ယင်းစစ်ကောင်စီတပ်ဟာ ခုလိုအရပ်သားပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူသွားခဲ့တဲ့အပြင် နေအိမ်တွေနဲ့အခြား ပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးမှာပါဝင်နေတဲ့ မိုးမောက်ဒေသခံ လူငယ်တစ်ဦးက ပြောဆိုသည်။

“နည်းနည်းစျေးကြီးတဲ့ ပစ္စည်းတွေဆို အကုန်ယူသွားတာ၊ စက်ပစ္စည်းတို့ ဘာတို့ပေါ့။ ပါဝါဘဏ့် စျေးကြီးတဲ့ဟာတွေ၊ wifi စက်လေးတွေ ဘတ်ထရီတွေကအစ ယူသွားတာ၊ တချို့နေအိမ်တွေကို တံခါးတွေ ရိုက်ချိုးထားတယ်၊ သေတ္တာတွေ ဗီဒိုတွေလည်း ရိုက်ဖွင့်သွားတယ်” လို့ ၎င်းက ပြောသည်။

ယင်းစစ်ကြောင်းသည် လက်ရှိ၌ ဒေါ့ဖုန်းယန်တပ်ထဲကို ပြန်ဝင်သွားပေမယ့် ပုံမှန်စစ်ရေးလှုပ်ရှားတာတွေ ရှိနေတဲ့အပြင် စစ်ကြောင်းအချိန်မရွေး ပြန်ဝင်လာနိုင်တာကြောင့် ဒေသခံတချို့မှာ ထွက်ပြေးတိမ်းရှောင်နေရပြီး အများစုက ရွာထဲမှာရှိနေတယ်လို့ သိရသည်။

ယင်းစစ်ကြောင်းက ရွာထဲကို စဝင်တဲ့ အောက်တိုဘာ ၉ရက်နေ့က အသက် ၅၀ ကျော် အမျိုးသမီး ၂ ဦး ကို ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၁၀ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့တယ်လို့ ဒေသခံများက ပြောသည်။ နောင်ကွမ် ကျေးရွာ၌ အိမ်ခြေ ၁၀၀ ကျော် ရှိပြီး ရှမ်းလူမျိုးအများစုနဲ့ ကချင်လူမျိုး အနည်းစုနေထိုင်သည့် ကျေးရွာဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here