စစ်အာဏာသိမ်း ၂ နှစ်ခွဲကျော်ကာလအတွင်း ကလေးငယ် ၂၄ ဦး အပါအဝင် ချင်းပြည်သူ ၂၀၀ ကျော် သတ်ဖြတ်ခံရ

0
294
ပုံစာ - စစ်ကောင်စီက ကလေးငယ် ၂၄ ဦး အပါအဝင် ချင်းပြည်သူ ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့။

စစ်အာဏာသိမ်းမှု ၂ နှစ်ခွဲကျော် ကာလအတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ကလေးငယ် ၂၄ ဦး အပါအဝင် အရပ်သားပြည်သူ ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ချင်းလူမျိုး ၁၀၀၀ ကျော်ကို ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။

အာဏာသိမ်းချိန်မှ ယခုနှစ်အောက်တိုဘာလ ၁ ရက်အထိ ချင်းပြည်နယ်တွင် စစ်ကောင်စီက မတရားဖမ်းဆီးသတ်ဖြတ်မှု၊ စစ်ကြောင်းထိုးစဉ် သတ်ဖြတ်မှု၊ မြေမြှုပ်မိုင်းနှင့် သေဆုံးမှု၊ လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု၍ သတ်ဖြတ်မှု ကျူးလွန်ရာမှာ အမျိုးသမီး ၃၈ ဦးနှင့် အမျိုးသား ၁၇၉ ဦး စုစုပေါင်း ချင်းအရပ်သားပြည်သူ ၂၁၇ ဦး သေဆုံးခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) လ/ထညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက ပြောသည်။

“ဒီဟာက မြန်မာနိုင်ငံမှာ ဘယ်လိုဖြစ်ပျက်နေတယ် ဆိုတာကို ရင်းမြစ်အများကြီးကနေ မြင်နိုင်တယ်။ နိုင်ငံတကာက ဘယ်လိုမျိုး ဖိအားတွေပေးမလဲ၊ ဒီထက် ထိရောက်တဲ့ အရေးယူမှုတွေ ဘယ်လိုမျိုးလုပ်မလဲ ဆိုတာတော့ ကျနော်တို့က ရီပို့ပေးရုံပဲ ပေးလို့ရတာပေါ့နော်။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လက်ပိုက်ကြည့် မနေတော့ဘဲနဲ့ ဘယ်လိုထိရောက်တဲ့ အရေးယူမှုကို လုပ်မလဲဆိုတာ စဉ်းစားဖို့လိုအပ်ပြီ” ဟု ဆလိုင်းဗန်ဆွီးစံက ပြောသည်။

ယင်းသို့ သေဆုံးသူများထဲတွင် အသက်မပြည့်သည့်ကလေးငယ် မိန်းကလေး ၄ ဦးနှင့် ယောင်္ကျားလေး ၂၀ ဦးတို့ ပါ၀င်သည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်ကို စစ်ကြောင်းထိုးရာတွင် လမ်းပြများ၊ ဓါးစာခံများ၊ လူသားဒိုင်းများအဖြစ် အရပ်သားပြည်သူ ၁၃၄ ဦးကို ဖမ်းဆီးခေါ်ဆောင်၍ အသုံးပြုခဲ့သည်ဟု ICA အစီရင်ခံစာက ဆိုသည်။

ချင်းအမျိုးသမီး ၆ ဦးမှာလည်း စစ်ကောင်စီတပ်၏ အုပ်စုဖွဲ့မုဒိမ်းပြုကျင့်မှုသာမက သတ်ဖြတ်မှုကိုပါ ခံထားရသည်ဟု ICA အစီရင်ခံစာအရ သိရသည်။

ထို့အပြင် အာဏာသိမ်းကာလ ၃ နှစ် နီးပါးအတွင်း စစ်ကောင်စီသည် ပုဒ်မအမျိုးမျိုးတပ်၍ ချင်းပြည်သူ ၁၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး၊ ယနေ့အချိန်ထိ ချင်းလူမျိုး ၅၀၀ ကျော်မှာ အကျဉ်းထောင်တွင် ဆက်လက်အကျဉ်းကျခံနေရဆဲဖြစ်ပြီး၊ ပြန်လည်လွတ်မြောက်လာသူများရှိသကဲ့သို့ ထောင်ထဲတွင် ၂ ဦး သေဆုံးခဲ့သည်ဟု ICA အစီရင်ခံစာမှာ ဖော်ပြထားသည်။

“တစ်ထောင်ကျော်ဆိုတဲ့အထဲမှာ ပြန်လွတ်သူတွေက အများကြီးရှိနေတယ်။ ကတိနဲ့ ပြန်လွတ်တာတွေ အများကြီးရှိတယ်။ အမိန့်ချတာတွေကို အားလုံးပြောဖို့က ခက်နေသေးတယ်။ အခုနောက်ပိုင်းမှာ သူတို့ ဒီလိုမျိုး ဖမ်းဆီးတာတွေ အများကြီးရှိလာတယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ ပြောဖို့ခက်ပါတယ်” ဟု ICA လ/ထညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက ပြောသည်။

ချင်းပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူ ၁ သိန်း နီးပါးအထိရှိနေပြီး ၂၀၂၃ ခုနှစ်အတွင်း ချင်းစစ်ရှောင်များ ပိုမို တိုးလာနေသည်ဟုလည်း ၎င်းက ဆက်ပြောဆိုသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင် ၆၀၀၀၀ ကျော်၊ နယူးဒေလီနှင့်တခြားပြည်နယ်များတွင် ၁၀၀၀၀ ကျော် ရှိနေပြီး စစ်ဘေးဒုက္ခသည်က ၈၀၀၀၀ မှ ၁၀၀၀၀၀ ကြား ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီက ချင်းပြည်နယ်၏ လူနေအိမ်နှင့် အဆောက်အဦးပေါင်း ၂၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၆၃ ကြိမ်ထက် မနည်းကို ပြုလုပ်ခဲ့သည်ဟု အစီရင်ခံမှာ ဖော်ပြထားပါသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here