ဝေါမြို့နယ်တွင် စစ်သင်တန်းဆင်းလာသည့်ပျူစောထီးများအား လက်နက်တပ်ဆင်ပေးပြီးကင်းစောင့်ခိုင်း

0
284
ပုံစာ - ကန့်ဘလူနယ်ရှိ ပျူစောထီးများအားဂုဏ်ပြုပွဲတစ်ခုအားတွေ့ရစဉ်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာတွင် စစ်ကောင်စီပို့ချသည့် ပြည်သူ့စစ်သင်တန်းဆင်းလာသော ပျူစောထီးများအား လက်နက်တပ်ဆင်ပေး၍ ကင်းစောင့်ခိုင်းနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် လပိုင်းကစ၍ မြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူးများ မှ တဆင့် တစ်ရွာလျှင် အမျိုးသား ၁၅ ယောက်စီတောင်းခံကာ စစ်သင်တန်းတက်ရန် ညွှန်ကြားလုပ်ဆောင် နေလျက်ရှိသလို သင်တန်းဆင်းလာသည့် ပျူစောထီးအဖွဲ့ဝင်များအား လက်နက်တပ်ဆင်ပေးပြီး ကင်းစောင့် စေကြောင်း ရွာခံများနှင့်နီးစပ်သူများက ပြောဆိုသည်။

“တစ်ရွာကို လူ ၁၅ ယောက် တောင်းတယ်၊ မပေးနိုင်တဲ့ရွာလည်း တော်တော်များတယ်။ အခုက ညဘက် တစ်ရွာကို ဆယ်ယောက် ပေါ်တာဝင်စွဲမယ်ဆိုပြီး သတင်းပြန့်နေတာလည်းကြားတယ်။ လက်ပံမှာဆိုရင် စစ်တပ်က လက်နက်ကြီးဆင်၊ အထိုင်လာချထားတာ အဲဒီရွာကပေးလိုက်ရတဲ့ ပျူစောထီး ၁၅ ယောက်က သင်တန်းဆင်းလာပြီး စခန်းချတဲ့ဆီမှာ ပြန်ဝန်းရံပေးရတာ ကင်းစောင့်ပေါ့၊ သူတို့ကို လက်နက်လည်း ပေးထားတယ်” ဟု အမည်မဖော်လိုသူ ဝေါမြို့ခံတစ်ဦးက ပြောသည်။

ထို့အတူ မြစ်ကျိုးရွာဘက်တွင်လည်း ပြီးခဲ့သည့်လပိုင်းများက စစ်သင်တန်းနှင့် လက်နက်တပ်ဆင်ပေးခြင်း မရှိသော ဒေသခံများအား လူသားဒိုင်းအနေဖြင့် ရွာရှိတပ်စခန်းများတွင် ကင်းစောင့်စေခြင်း၊ ကင်းမစောင့် နိုင်သူများအား ကျပ်ငွေတစ်သောင်းခွဲ တောင်းခံခြင်းတို့ကိုပါ စစ်ကောင်စီဘက်က လုပ်ဆောင်နေလျက် ရှိသည်ဟု ဒေသခံများ၏ပြောဆိုမှုအရ သိရသည်။

လက်ရှိ ဝေါမြို့နယ်အတွင်းမှ လူမပေးနိုင်သော ရွာများအနေဖြင့် စစ်ကောင်စီဘက်က တုံ့ပြန်မှု တစုံတရာ မရှိသေးသော်လည်း စစ်သင်တန်းတက်၍ ပျူစောထီးလုပ်ရန် စိုးရိမ်ကြောက်လန့်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

“လူမပေးနိုင်တဲ့ရွာတွေကတော့ ကြောက်ကြောက်လန့်လန့်နဲ့ပဲ။ အရင်ကတည်းက ရွာတွေမှာ ပျူစောထီးတွေ ဖွဲ့ထားတာ ရှိတယ်။ အဲဒီတုန်းကတော့ ပျူစောထီးခေါင်းဆောင်လောက်ပဲ လက်နက်ဆင်ပေးတာ အခုကတော့ အဖွဲ့ဝင်အဆင့်ပါ လက်နက်ကိုင်နေပြီ၊ လက်နက်မရှိ ပျူစောထီးသင်တန်း တက်မထားတဲ့ မြစ်ကျိုးဘက်က အရပ်သားတွေဆို ကင်းမစောင့်နိုင်ရင် တစ်သောင်းခွဲပေးရတယ်။ ပိုက်ဆံမပေးနိုင်ရင် ကင်းစောင့်ပဲ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အတူ အုတ်ဖိုကျေးရွာအုပ်စုတွင်လည်း အုတ်ဖို (၃) ရွာမှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာခံ လူငယ် ၃ ဦးအား ၎င်းတို့ဆန္ဒမပါဘဲ အတင်းအကြပ် ပြည်သူ့စစ်သင်တန်း တက်ခိုင်းနေကြောင်း ဒေသခံများ၏ တိုင်ကြားမှုကို ယနေ့ရက်စွဲဖြင့် ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပဲခူးတိုင်းအတွင်းရှိ တောင်ငူနှင့် ပြည် တပ်နယ်ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား စစ်ကောင်စီက စစ်ဝတ်ပစ္စည်းနှင့် ရိက္ခာများပေးအပ်ခဲ့သည့် အခမ်းအနား ကျင်းပပြုလုပ်၍ လက်နက်များ တပ်ဆင်ပေးခဲ့သေးသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောဆိုသည်။

စစ်ကောင်စီက တစ်နိုင်ငံလုံးအနေအထားဖြင့် ပြည်သူ့စစ်တပ်ဖွဲ့များ ဖွဲ့စည်းလာခြင်းမှာ မြေပြင်စစ်ကြောင်း ထိုးဖောက်နိုင်မှု အားနည်းခြင်းကြောင့်ဖြစ်ပြီး စစ်ကောင်စီသို့ တန်ပြန်ပူးပေါင်းတိုက်ပွဲ ဖော်ဆောင်လာ နိုင်သည့် တော်လှန်ရေးတပ်ဖွဲ့အင်အား များပြားလာသည့်အပေါ်တွင် ထူးခြားမှုရှိမည်မဟုတ်ကြောင်း KNU ပြောခွင့်ရ ပဒိုကလယ်စေးကလည်း ပြီးခဲ့သည့်စက်တင်ဘာလက ပြောဆိုထားပါသည်။

ထို့အတူ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တောင်ပိုင်းတိုင်း စစ်ဒေသခွဲတွင် ရှိသော ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူ့စစ်သင်တန်း ဆင်းလာပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသော ပျူစောထီးခေါင်းဆောင်များသည် မြို့နယ်အလိုက် ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မကြာခဏ ပစ်ခတ်ရှင်းလင်းခြင်းခံနေရကြောင်း တွေ့ရှိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here