ဗန်းမောက်အရှေ့ဘက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့

0
325
ပုံစာ- စစ်ကောင်စီတပ်နှင့်တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အရှေ့ပိုင်း အင်းတော်-ဗန်းမောက် လမ်းပိုင်းရှိ ကျွဲကောကြီးကျေးရွာ အနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ် PDF တို့ အောက်တိုဘာလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“တပ်က ကျွဲကောကြီးမှာနေတာ ၊ PDF တွေက ခေါင်းကိုက်လမ်းဆုံနဲ့ ချောင်းတဖက်ကမ်းကနေ လာပစ်နေတာ မြောက်ဘက်ကနေလည်း အင်အား ၈၀ လောက် လာဖြည့်တယ်လို့ ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းမှစ၍ အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းအထိ လက်နက်ကြီးများအပါအဝင် လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်နေသည်ကို ကြားသိရကြောင်း ဒေသခံများကဆိုသည်။

ဗန်းမောက်မြို့အနီး နေထိုင်သူတစ်ဦးက “ဗန်းမောက် ဗျူဟာကုန်းကနေလည်း လက်နက်ကြီး မနေ့က ခြောက်ချက် ပစ်တယ်။ ဒီကနေ့တော့ ၁၅ ချက်လောက် ရှိတယ်။ လက်နက်ကြီးသံတွေကတော့ ဆက်တိုက်ပဲ ကြားရတာ” ဟု အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ Bamauk Revolution – BRTeam က ကသာခရိုင် တပ်ရင်း(၁)(၂)(၄)၊ဗန်းမောက်မြို့နယ် ပကဖအဖွဲ့ မိုင်းသုန်တပ်ရင်းနှင့် စစ်ကောင်စီတပ်မ ၇၇ တို့ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်းနှင့် အောက်တိုဘာ ၉ ရက်နေ့ မှ ၁၀ ရက်နေ့ အထိ စစ်ရေးတင်းမာနေကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ကျွဲကောကြီးကျေးရွာတွင် ရောက်ရှိနေသော စစ်ကောင်စီတပ်များက ကျေးရွာဘုန်းကြီးကျောင်းကို အကာအကွယ် ယူထားပြီး ဗန်းမောက်ဗျူဟာကုန်းမှလည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်းလည်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၄ ရက်နေ့ကလည်း အင်းတော် ဗန်းမောက်နယ်စပ်အနီး သောင်ကြီးကျေးရွာ အနီးတွင်လည်း စစ်ကောင်စီတပ်နှင့် PDF ၊ ကျောင်းသားတပ်မတော် ABSDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

ယခင်က PDF အဖွဲ့က နေရာတချို့ထိန်းချုပ်ထားသော အင်းတော်နှင့် ဗန်းမောက်လမ်းပိုင်းကို စစ်ကောင်စီတပ် က ထိန်းချုပ်ရန် ကြိုးစားနေသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်းလည်း ဒေသခံများထံက သိရသည်။

“ အင်းတော်နဲ့ ဗန်းမောက်လမ်းပိုင်းကို စစ်ကောင်စီက ပြန်ထိန်းဖို့ လုပ်နေတယ်၊ မိုင်းခွဲခံရတဲ့ တုံစီတံတားကိုလည်း ပြန်ပြင်နေတယ် ၊ PDF တွေကလည်း ဒီလမ်းပိုင်းက ကချင်ပြည်နယ်ဘက်ကနေ ဗန်းမောက်တောင်ပိုင်းကို ဝင်တဲ့ အဓိက နေရာဆိုတော့ တိုက်ပွဲတွေ ဆက်ဖြစ်အုံးမယ့် အခြေအနေမှာရှိတယ်” ဟု ဗန်းမောက် ဒေသခံတစ်ဦးက ပြောဆိုသည်။

ဗန်းမောက်မြို့နယ်သည် ၂၀၂၂ နှစ်လည်ပိုင်းမှ စ၍ စစ်ကောင်စီတပ်နှင့် နွေဦးတော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခဲ့ပြီး ဗန်းမောက်မြို့ အောင်သာကုန်းရပ်ကွက်တွင် စစ်ကောင်စီ တပ်မ ၇၇ လက်အောက်ခံ ဗျူဟာအထိုင်ချ၍ စစ်ဆင်ရေးဆောင်ရွက်နေကြောင်းလည်း သိရသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here