ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ နော်ဘူဘော် ဆုတောင်းတောင်ပေါ်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့မှ စ၍ လက်ရှိအချိန်ထိ လက်နက်ကြီး၊လက်နက်ငယ်များ ယူဆောင်လာသည့် စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်နေကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။
သံတောင်ကြီးမြို့အခြေစိုက် ဘုရင့်နောင် စစ်ကောင်စီ တပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် အထက်အမိန့်ကြောင့်ဟု ဆိုပြီး စစ်ကြောင်းထွက်၍ လက်နက်ကြီးများပါ ယူဆောင်ပြီး ဆုတောင်းတောင်ပေါ် တွင် တပ်စွဲထားခြင်း ဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပြသည်။
“အမိန့်ရလို့ လို့ ပြောတာပဲ ဒီနေ့အထိတော့ ပြန်မဆင်းသေးဘူး။ လက်နက်ကြီးပါ သယ်သွားတာ၊ ပစ်ရင်လည်း ပစ်မှာပေါ့ မပစ်ရင်လည်း မပစ်ဘူးပေါ့၊ ဒီလိုစိတ်ထားပြီး နေရတာပဲ။ ဘယ်သူမှ သွားမစရင်တော့ ဘာမှ မဖြစ်ဘူးပေါ့။ ဘုန်းတော်ကြီးတွေက မြို့ပေါ်တော့ သွားမလုပ်ကြနဲ့ဆိုပြီး စစ်တပ်နဲ့ ညှိထားတာလည်း ရှိတော့လေ အခုကတော့ တောင်ပေါ်က ဆုတောင်းခန်းတွေထဲမှာပဲ နေကြမယ်ထင်တယ်။ ဘယ်နေရာမှာ မှ နေစရာ မရှိတာ” ဟု ၎င်းက ပြောသည်။
ထိုသို့ စစ်ကောင်စီတပ် တပ်စွဲထားမှုကြောင့် တောင်ပေါ်တောင်အောက် အတက်အဆင်းလုပ်သူ နယ်ခံ တချို့ပါ တက်ရောက်ဝံ့ခြင်း မရှိတော့ကြောင်း ဒေသခံများက ပြောဆိုသည်။
“အာဏာသိမ်းပြီး ဒီနွေတုန်းကတော့ တောင်ငူတို့ ရန်ကုန်တို့က လာတဲ့သူ နည်းနည်းပါးပါး ရှိသေးတယ်။ တပ်စွဲထားရင်တော့ ဘယ်သူမှ မသွားရဲလောက်ဘူး။ တောင်ပေါ်မှာလည်း သူတို့နေစရာဆိုလို့ ဆုတောင်းခန်းတို့ ဧည့်သည်တွေ ဘာတွေလာရင် နားဖို့၊ ခိုဖို့ အခန်းတွေ လုပ်ထားပေးတာရှိတော့ နေရင်လည်း နေနိုင်တာပေါ့” အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၂) ထိန်းချုပ်သည့် တောင်ငူခရိုင်ရှိ ဆုတောင်းပြည့်သည်ဟု နာမည်ကြီး၍ သော်လည်းကောင်း ပတ်ဝန်းကျင်ရှိ သဘာဝအလှအပများနှင့် တိမ်ပင်လယ် ရှုခင်းကြောင့် သော်လည်းကောင်း ပြည်တွင်းပြည်ပရှိ လူမျိုး၊ ဘာသာပေါင်းစုံ လာရောက်လာပတ်ကြသော နော်ဘူဘော် ဆုတောင်းတောင်သည် တောင်ငူမြို့နှင့် မိုင် ၃၀ သာ ကွာဝေးသည့်ဒေသ ဖြစ်သည်။
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄ ထောင်ကျော်နှင့် တောင်ခြေမှ တောင်ပေါ်တက်ရာ လမ်းတလျှောက် လှေကားထစ် အရှည်ပေါင်း ပေ ၅၀၀ ကျော် ရှိသည့် နော်ဘူဘော် ဆုတောင်းတောင်သည် သံတောင်ကြီးမြို့၏ အထင်ကရ နေရာတစ်ခုဖြစ်ပြီး စစ်အာဏာသိမ်းမှုကာလ မတိုင်ခင်က အနယ်နယ်အရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်ကားရာ နေရာတစ်ခု ဖြစ်သည်။
အာဏာသိမ်းကာလတွင်လည်း ဒေသအတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာမှုကြောင့် နော်ဘူဘော်တောင် သို့ လာရောက်လည်ပတ်သူ မရှိသလောက် နည်းပါးလာပြီး မြို့အတွင်း အသေးစားပေါက်ကွဲမှုများလည်း ဖြစ်ပွားခဲ့သည်ဟု နယ်ခံများ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက သံတောင်ကြီးမြို့ဟောင်းရှိ ဘုရင့်နောင်စစ်တပ်စခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီးနောက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။
ထိုကာလမှ ယခုနှစ်အထိ အဆိုပါ ဘုရင့်နောင်တပ်စခန်းမှ မြို့အနီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ကူပေးခြင်းသာမက ၎င်းတို့သံသယရှိသော နေရာများသို့ပါ မကြာခဏ လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံများက ပြောဆိုသည်။
ကေအိုင်စီ ပေးပို့သည်။