စစ်တွေတွင် ရက်ပေါင်း ၂၀ အတွင်း သေနတ်ပစ်ခတ်မှု ၂ ကြိမ်ဖြစ်ပွားပြီး လုံခြုံရေးတိုးမြှင့်ထား

0
362
ပုံစာ - စစ်တွေမြို့ လူသွားလူလာများသည့်လမ်းဆုံ၊လမ်းခွများတွင် စစ်ကောင်စီတပ်ဖွဲ့များ စစ်ဆေးနေစဉ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရက်ပေါင်း၂၀ အတွင်း သေနတ်ပစ်ခတ်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် လူစည်ကားရာ နေရာများနှင့် လူသွားလူလာများသည့် လမ်းဆုံ၊လမ်းခွများတွင် စစ်ကောင်စီတပ်ဖွဲ့များဖြင့် လုံခြုံရေး တိုးမြှင့်ထားသည်ဟု မြို့ခံများက ပြောသည်။

အခုလို မြို့ပေါ်တွင် အင်အားအလုံးအရင်းဖြင့် စောင့်ကြည့်နေခြင်းကြောင့် စိုးရိမ်ကြောက်လန့်နေကြရသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီလိုစစ်သားတွေ၊ ရဲတွေ လက်နက်တွေနဲ့ စောင့်နေတော့ အရမ်းကြောက်တာပေါ့။ တခါတလေကျရင် ကိုယ့်ကိုယ်ပဲ ပစ်သွားမလား ကြောက်နေရတယ်” အဆိုပါမြို့ခံအမျိုးသမီးက ပြောသည်။

မြို့ခံအမျိုးသားတစ်ဦးက “ နာရီစင်အဝိုင်းနားမှာ စစ်သားတွေ၊ ရဲသားတွေ အများကြီးတွေ့တယ်” ဟု ပြောဆိုသည်။

စစ်တွေမြို့တွင် အောက်တိုဘာ ၅ ရက်၊ ည ၉ နာရီခန့်က သားဖနှစ်ဦး သေနတ်ပစ်ခံခဲ့ရပြီး ဖခင်ဖြစ်သူသေဆုံးပြီး သမီးဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိပြီး စစ်တွေဆေးရုံတွင် ဆေးကုသမှုခံနေကြောင်း သိရသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသူမှာ စက်ရုံစုရပ်ကွက်တွင်နေထိုင်သူ အသက် ၅၁ နှစ် အရွယ် ဦးမောင်စိန်တင်ဖြစ်ပြီး ဒဏ်ရာရသွားသည့် သမီးဖြစ်သူမှာ အသက် ၃၀ ကျော်အရွယ် ဒေါ်မမချေ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဦးမောင်စိန်တင်မှာ ULA/AA (ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်) မှ ခေါင်းဆောင်ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာနေရာမှာ ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အခြေစိုက်ရုံးနားတွင် ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့ကလည်း စစ်တွေမြို့လယ်ခေါင်တွင် အသက် ၄၀ အရွယ်ရှိ ALP ဗိုလ်မှူး ခိုင်စိုးလွင်သည် ပြည်နယ်ဆက်သွယ်ရေးရုံးအနီး ကွမ်းယာဆိုင်တစ်ဆိုင်ရှေ့၌ သေနတ်ဖြင့် ပတ်ခတ်ခံခဲ့ရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

စစ်တွေမြို့ပေါ်တွင် ရက်ပေါင်း၂၀ အတွင်း သေနတ်ပစ်ခံမှု ၂ ကြိမ် ဖြစ်ပွားလာခြင်းကြောင့် ဒေသခံပြည်သူများမှာ စိုးရိမ်နေကြကြောင်း ပြောဆိုကြသည်

နိရဥ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here