စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့များ တိုးချဲ့ဖွဲ့စည်းနေ

0
437
ပုံစာ - စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့စစ်အဖွဲ့များတိုးချဲ့ဖွဲ့စည်းနေသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ၏ စစ်ဆင်ရေးများတွင် ပျူစောထီးဟုခေါ်ဆိုကြသည့် ပြည်သူ့စစ်အဖွဲ့များကို စစ်ကောင်စီက တိုးချဲ့ဖွဲ့စည်းလျှက်ရှိကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများနှင့် ဒေသတွင်း သတင်းအရင်းအမြစ် များထံမှ သိရသည်။

အောက်တိုဘာ ၂ ရက်နေ့က ဗန်း‌မောက်မြို့နယ်အတွင်းရှိ မြို့မ ပြည်သူ့စစ်နှင့် ကြောင်လည်ကျေးရွာ ပြည်သူ့စစ် အဖွဲ့များကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ ဗန်းမောက်မှာ မြို့မ ပြည်သူ့စစ်နဲ့ ကြောင်လည် ပြည်သူ့စစ်ဆိုပြီး လွန်ခဲ့တဲ့ နှစ်ရက်နေ့က လက်နက် တပ်ဆင်ပေးလိုက်တယ်။ နောက်ထပ်လည်း ထပ်ပြီး ဖွဲ့စည်းဖို့ရှိတယ်လို့ ပြောဆိုတာတွေ ကြားနေရတယ်၊ ဖွဲ့လည်းဖွဲ့မှာပါပဲ၊ သူတို့ချည်းမှ မထိန်းနိုင်တာ” ဟု ဗန်းမောက်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ အကျပ်အတည်းကြုံတိုင်း ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးလေ့ရှိပြီး ကာကွယ်ရေး ဝန်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ်ခြင်း ဖြစ်ကြောင်းလည်း စစ်ကောင်စီတပ်နှင့် နီးစပ်သူတချို့က ပြောဆိုသည်။

“ငါတို့ရဲ့ လက်အောက်ကလည်း မဟုတ်ဘူး၊ ရဲ ရဲ့ လက်အောက်ကလည်း မဟုတ်ဘူး ၊ ကာကွယ်ရေးဝန်ကြီးက တိုက်ရိုက်ကိုင်တာလို့ ဗျူဟာမှူးက ပြောသွားတယ်” ဟု ဗန်းမောက် မြို့မပြည်သူ့စစ် လက်နက်တပ်ဆင် ပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

ပုံစာ – ဗန်းမောက်ပြည်သူ့စစ်အဖွဲ့ကို လက်နက်တပ်ဆင်ပေးခြင်းအခမ်းအနား။

စစ်ကောင်စီ၏ စစ်ဆင်ရေးများတွင် ပျူစောထီးဟု တော်လှန်ရေးအင်အားစုများက ခေါ်ဆိုသည့် ပြည်သူ့စစ် အဖွဲ့ဝင်များ၏ ပူးတွဲစစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်း ဒေသကာကွယ်ရေးတပ်များမှ မကြာခဏ ထုတ်ဖော် ပြောဆိုမှုများလည်း ရှိနေသည်။

စစ်ကောင်စီက ပြည်သူကို ပြည်သူနှင့် ပြန်ထိန်းသည့် ဗျူဟာကို ကျင့်သုံးနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ အကြီးအကဲများကိုယ်တိုင် ပြည်သူ့စစ် မဟာဗျူဟာကို အလေးပေး ကျင့်သုံးလာနေခြင်း ဖြစ်ကြောင်းလည်း စစ်ကောင်စီနှင့်နီးစပ်သည့် ဒေသတွင်းစစ်ရေးလေ့လာ စောင့်ကြည့်သူတချို့က ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့က ကန့်ဘလူမြို့နှင့် ရွှေဘိုမြို့ရှိ ပျူစောထီးခေါ် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များအား ရိက္ခာနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သန်းထိုက်တို့ တက်‌ရောက်ခဲ့သည်ကို တွေ့ရသည်။

စစ်ကိုင်းတိုင်းအတွင်း ပျူစောထီးခေါ် ပြည်သူ့စစ်အဖွဲ့အင်အား မည်မျှရှိသည်ကို တရားဝင်ထုတ်ပြန်ခြင်း မရှိတာကြောင့် မသိနိုင်သော်လည်း ကန့်ဘလူနယ်ရှိ ၅၅၀ ဆရာတော် ဦးဝါသဝ ဦးဆောင်သော ပြည်သူ့စစ် အင်အားမှာ ၁ သောင်းခန့် ရှိပြီဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့၏ ဖော်ပြမှုများအရ သိရသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here