ရခိုင်ပြည်၊ စစ်တွေမြို့ ဟိုတယ်အနီး ပင်လယ်ကမ်းခြေမှ အင်အားသုံးဖြိုဖျက် ဖယ်ရှားခံလိုက်ရသည့် စားသောက်ဆိုင် ၁၆ ဆိုင်အတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရန် စစ်တွေမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ စီတန်းစုဝေးခြင်းနှင့် စီတန်းလှည့်ခွင့်ရရန် တင်ပြထားသည်ဟု သိရသည်။
စီတန်းလှည့်လည်ခွင့်ကို အောက်တိုဘာ ၇ ရက်မှ ၁၃ ရက် အတွင်း တစ်ရက်ကို လူဦးရေ ၅၀ ဖြင့် ပြုလုပ်ခွင့်ပြုရန် တင်ပြတောင်းဆိုထားသည်ဟု ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
စစ်တွေဟိုတယ် ကမ်းခြေဆင်းလမ်းရှိ စားသောက်ဆိုင်ခန်း ၁၀ ဆိုင် ကျော်ကို စစ်ကောင်စီက အောက်တိုဘာ ၅ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီခန့်က အင်အားအလုံးအရင်းဖြင့် လာရောက်ဖြိုဖျက်ခဲ့ကြောင်း ဆိုင်ပိုင်ရှင်များက ပြောသည်။
စစ်တွေခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများစသည့် အင်အား ၁ဝဝ ကျော်ခန့်သည် အဆိုပါဆိုင်ခန်းများသို့ ကားများဖြင့် ရောက်လာပြီး ဘူဒိုဇာများဖြင့် ရုတ်တရက် ဝင်ရောက်ဖြိုဖျက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုင်ပိုင်ရှင်များက ပြောဆိုသည်။
စားသောက်ဆိုင် ပိုင်ရှင်များက ၎င်းတို့၏ဆိုင်များကို ချက်ချင်းဖြိုဖျက်ခံရလိုက်ရသဖြင့် နေထိုင်စရာမရှိ ဖြစ်နေလို့ ဆိုင်နေရာ ပြန်လည်အစားထိုးပေးရန် ဆိုင်ပိုင်ရှင်များက တောင်းဆိုထားကြသည်။
ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက “အန်တီတို့ဘဝက ပျက်စီးသွားပြီ။ သားသမီး ပညာရေး၊ ကျန်းမာရေးလည်း ဘာပိုက်ဆံနဲ့ သင်ရအုံးမှာလဲ။ အန်တီတို့ဘဝပျက်တော့ အားလုံးပျက်သွားပြီလေ။ အန်တီတို့ကို သနားညှာတာမှုနဲ့ တောင်းဆိုချင်တယ်။ သင့်တော်တဲ့နေရာတစ်ခုမှာ အစားထိုး နေရာချပေးဖို့အတွက် အသနားခံချင်တယ်” ဟု ပြောသည်။
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရာတွင် ဖြိုဖျက်ခံရသော နေရာပြန်လည်ရရှိရေး၊ ဖြိုဖျက်ခံရသော နေရာအနီး၌ မြေနေရာ အစားထိုးပြန်လည်ရရှိရေး တို့ကို ကြွေးကြော်သွားမည် ဖြစ်ကြောင်းနှင့် စုရုံးဆန္ဒဖော်ထုတ်မည့်နေရာမှာ စစ်တွေမြို့၊ မေယုလမ်းရှိ အစိုးရရုံးရှေ့ရှိ ကားမှတ်တိုင်တွင် ပြုလုပ်မည်ဟု ဆိုင်ပိုင်ရှင်များထံမှ သိရသည်။
ဆိုင်ခန်းဖြိုဖျက်မည်ဟု ကြိုတင်အသိပေးခြင်းမရှိဘဲ ရုတ်တရက် အင်အားသုံးပြီး လာရောက်ဖြိုဖျက်နေစဉ် ဆိုင်ရှင်များ အနေဖြင့် ဆိုင်အတွင်းရှိ ပစ္စည်းများကို ယူဆောင်ချိန် မရလိုက်ဘဲ ဆိုင်အတွင်းနှင့် ဖြိုဖျက်နေသည့် ဧရိယာသို့ ဝင်ရောက်ခွင့်ကို ရဲတပ်ဖွဲ့ဝင်များက တားမြစ်ပိတ်ပင်ထားသည်ဟု ဆိုင်ရှင်များက ပြောသည်။
ထို့အပြင် ဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများ၏ မိုဘိုင်းဖုန်းတို့ကိုလည်း စစ်ကောင်စီက သိမ်းဆည်းထားပြီး လက်ရှိအချိန်ထိ ပြန်မပေးသေးကြောင်း သိရသည်။
ဆိုင်ခန်းဖြိုဖျက်ခံရသည့် ဆိုင်ရှင်အမျိုးသမီးတစ်ဦးက “ကျမတို့မှာ မိုးတွင်းကြီး ကလေးတွေနဲ့ သွားစရာနေရာ လည်း မရှိဘူး။ ဗလာနတ္ထိဘဝ ဖြစ်သွားပြီ” ဟု ပြောသည်။
ယခုဖြိုဖျက်ခံခဲ့ရသည့် ဆိုင်ခန်းများသည် စစ်တွေဟိုတယ် ကမ်းခြေပတ်လမ်းရှိ စားသောက်ဆိုင် ၁၆ ခု ဖြစ်ပြီး များသောအားဖြင့် စားသောက်ဆိုင်များပါဝင်ကာ လက်ဘက်ရည်ဆိုင်နှင့် အအေးဆိုင်များ ဖြစ်ကြသည်။
စစ်တွေကမ်းနားလမ်း တိုးချဲ့ရန်အတွက်ဟုဆိုကာ စည်ပင်က ပြီးခဲ့သည့် ဩဂုတ်၂ ရက်နေ့တွင် ဆိုင်ပိုင်ရှင်များကို ခေါ်ယူပြီး ဆိုင်များအား နှစ်ပတ်အတွင်း ဖြိုချဖျက်သိမ်းခိုင်းထားသည်ဟုလည်း သိရသည်။
အဆိုပါဆိုင်ခန်းများအား ဖယ်ရှားပါက ဆိုင်ခန်းနေရာ အစားထိုးချပေးနိုင်ရန် အသနားခံစာ တစ်စောင်ကိုလည်း သြဂုတ်လအတွင်းက မြို့နယ်စည်ပင်သို့ တင်ပြခဲ့ကြသေးသည်ဟု ဆိုင်ပိုင်ရှင်များက ပြောသည်။
စစ်တွေဟိုတယ် ကမ်းခြေပတ်လမ်းရှိ စားသောက်ဆိုင်ပိုင်ရှင်များမှာ အဆိုပါနေရာ၌ မိမိစိတ်သဘေားထားအရ ကျူးကျော်ပြောင်းရွေ့ နေထိုင်လာခြင်း မဟုတ်ဘဲ ၂၀၁၂ – ၂၀၁၃ ခုနှစ်၊ သမ္မတဦးသိန်းစိန် လက်ထက်ကတည်းက မြို့နယ်စည်ပင် သာယာလှပရန်အတွက် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းနှင့် ဌာနပေါင်းစုံက စနစ်တကျ နေရာချထားပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုင်ပိုင်ရှင်များက ပြောသည်။
နိရဉ္စရာ ပေးပို့သည်။