မောင်တောခရိုင်အတွင်း ARSA အဖွဲ့လှုပ်ရှားမှုကြောင့် တောတောင်အမှီပြုလုပ်ကိုင်သူများ အခက်အခဲဖြစ်နေကြရ

0
338
ပုံစာ- ARSA အဖွဲ့လှုပ်ရှားမှုကြောင့် တောတောင်အမှီပြုလုပ်ကိုင်သူများ အခက်အခဲဖြစ်နေ။

ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်း ARSA အဖွဲ့ဝင်များ လှုပ်ရှားမှုများရှိလာ၍ တောတောင်ကိုအမှီပြုပြီး လုပ်ကိုင်စားသောက်နေကြသော ဒေသခံများမှာ အခက်အခဲဖြစ်ပေါ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

မောင်တောနှင့် ဘူးသီးတောင် နယ်စပ်တကြောတွင် ပြီးခဲ့သည့် ဩဂုတ်လမှစ၍ ARSA အဖွဲ့ဝင်များ စိမ့်ဝင်ရောက် လာပြီးနောက် ကျေးရွာများတလျှောက် သွားလာလှုပ်ရှားမှုများရှိနေ၍ ဒေသခံများမှာ တောတောင်သို့ သွားရောက်ပြီး ဟင်းရှာ၊ ဝါးခုတ်၊ ထင်းခုတ်သည့် အလုပ်ကို လုပ်ကိုင်ရန် စိုးရိမ်မှုများ ရှိနေကြသည်ဟု ပြောသည်။

“ကျနော်တို့ရွာမှာ တောင်ကို အမှီပြုပြီး လုပ်စားနေသူတွေ အများကြီးပါ။ ARSA တွေ ရှိတယ်လို့ သတင်းကြားရင် ရွာကလူတွေကို ဟင်းရှာရန် မသွားဖို့ သတိပေးဖြစ်တယ်” ဟု မောင်တောမြို့နယ်၊ သီဟိုအေး (မြို)ကျေးရွာ တာဝန်ခံ ဦးကံကြီးအောင်က ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းက မောင်တောမြောက်ပိုင်း လောင်းဒုံရွာနှင့် ကြိမ်ချောင်းရွာကြား ကားလမ်းပေါ်တွင် ARSA အဖွဲ့ဝင် ၂၀ ကျော်က အိမ်စီးကားတစ်စီးကို မီးရှို့ခဲ့ပြီး စံပယ်ကုန်းကျေးရွာမှ မွတ်ဆလင် နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

စက်တင်ဘာလ ၉ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ မီးကျောင်းခေါင်းဆွဲကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးကို ARSA အဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး နောက်တစ်နေ့တွင် သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ကြသည်။

လက်ရှိတွင် ဒေသခံများမှာ ကျေးရွာအတွင်းမှာပင် စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေရကြောင်း မောင်တောမြို့နယ်၊ ငန်းချောင်း(မွတ်ဆလင်) ကျေးရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့က တောတောင်တွေကိုသွားပြီး လုပ်ကိုင်စားသောက်နေသူတွေ ဖြစ်တယ်။ တောင်တွေကို သွားတဲ့အခါ ARSA အဖွဲ့နဲ့တွေ့လို့ ပြန်ပေးဆွဲ၊ ဖမ်းဆီးမှုတွေ လုပ်မှာကို စိုးရိမ်တယ်” ဟု ၎င်းက ပြောသည်။

မောင်တောခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူ အများစုမှာ တောတောင်များကို အမှီပြု၍ သစ်ခုတ်၊ ဝါးခုတ်၊ ဟင်းရှာခြင်းနှင့် လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းတို့ကို လုပ်ကိုင်ကြသည်။ ၎င်းတို့ လုပ်ကိုင်စားသောက်သည့် အနီးပတ်ဝန်းကျင် နေရာများတွင် ARSA အဖွဲ့ဝင်များက သွားလာလှုပ်ရှားမှုများ ရှိလာနေခြင်းဖြစ်သည်။

“စားဖို့ လုံးဝမရှိရင်တော့ တောင်ကိုမသွားနဲ့ပြောလည်း သွားရတာပါပဲ။ ဒါပေမယ့် အရင်လိုတော့ နေ့တိုင်း မသွားဖြစ်တော့ဘူး။ ARSA နဲ့ တွေ့မှာကို ကြောက်နေရတယ်။ တောင်ကို ပုံမှန်မသွားရတော့ စားရေးသောက်ရေး ခက်ခဲလာတယ်” ဟု မောင်တောမြို့နယ်၊ သီဟိုအေး(မြို)ကျေးရွာမှ ဦးမောင်လှမောင်က ပြောသည်။

ARSA အဖွဲ့ဝင်များသည် စစ်ကောင်စီထိန်းချုပ်ရာ နယ်မြေအတွင်း သွားလာလှုပ်ရှားနေကြခြင်းဖြစ်၍ စစ်ကောင်စီ အနေဖြင့် ထိန်းချုပ်ပေးရန် လိုအပ်ကြောင်း နိုင်ငံရေးသမားများက ပြောဆိုသည်။

“အရင်ကလည်း တောထဲသွားလို့ အာဆာတွေဆီမှာ အသတ်ခံရတဲ့သူတွေ ရှိတယ်။ အခု အာဆာ ဝင်လာတယ် ဆိုတာနဲ့ ကြောက်လန့်နေကြတယ်။ ဒေသခံတွေက လုံခြုံမှု မရှိတာကို ခံစားနေရတယ်” ဟု ဘူးသီးတောင်မြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

ARSA အဖွဲ့သည် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသ မေယုတောင်ကြောနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှုပ်ရှားလေ့ ရှိသည်။ မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသတွင် စစ်ကောင်စီ၊ AA အပါအဝင် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များဖြစ်သော ARSA၊ RSO နှင့် ARSA ခွဲထွက်အဖွဲ့ငယ်များ လှုပ်ရှားနေကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ နှင့် ၁၉ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြား၊ အာကာပျံ၊ ကျောက်စာတိုင် ကျေးရွာ အနီး မယူတောင်ကြောတွင် ARSA နှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here