PDF ကို အကြောင်းပြပြီး တောင်ကုတ်တွင် စစ်ကောင်စီက ဧည့်စာရင်းများနေ့စဉ်စစ်ဆေးနေ

0
322
ပုံစာ- တောင်ကုတ်မြို့လယ်တစ်နေရာအားတွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ ရပ်ကွက်တချို့တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို အကြောင်းပြပြီး စစ်ကောင်စီက နေ့တိုင်းလိုလို ညအချိန်တွင် ဧည့်စာရင်း ဝင်စစ်နေကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့ မှ စ၍ တောင်ကုတ်မြို့ရှိ ရပ်ကွက်တချို့တွင် ညည့် ၁၀ နာရီ ဝန်းကျင်တွင် စစ်တပ်၊ ရဲ၊ လဝက နှင့် မီးသတ်တပ်ဖွဲ့ဝင်များက တစ်အိမ်ဝင် တစ်အိမ်ထွက် ဧည့်စာရင်းစစ်နေခြင်း ဖြစ်ကြောင်း တောင်ကုတ်မြို့ခံများက ပြောသည်။

ထိုသို့ ဧည့်စာရင်းစစ်ရာတွင် တောင်ကုတ်မြို့ရှိ ချောင်းကောက်၊ ဂူတာနှင့် သိမ်တောင် ရပ်ကွက်တို့ကို အဓိကထား စစ်ဆေးနေခြင်း ဖြစ်ပြီး PDF များ ဝင်ရောက် လှုပ်ရှားမှုရှိသည်ဟု သတင်းကြား၍ ယခုကဲ့သို့ ဧည့်စာရင်းစစ်ရခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ စစ်ကောင်စီက အကြောင်းကြားထားကြောင်း သိရသည်။

ယခုကဲ့သို့ PDF ကို နာမည်တပ်ပြီး ဧည့်စာရင်းစစ်ခြင်းသည် အကြောင်းပြချက် တစ်ခုသာဖြစ်ပြီး အဝေးသင် တက္ကသိုလ် ကျောင်းတက်ချိန် ဖြစ်သည့်အတွက် ထိုကျောင်းသားများထဲတွင် AA တပ်သားများ ပါဝင်နိုင်သည့် အထင်ဖြင့် ဧည့်စာရင်းစစ်ခြင်းသာ ဖြစ်သည်ဟု ယူဆရကြောင်း တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

“အဝေးသင်ကျောင်းသားတွေအထဲ AA တွေ ပါလာမယ့်သတင်းနဲ့ သူတို့က (စကစ) လုပ်နေတာပါ။ ဒါပေမယ့် ရုံးက စာထုတ်တဲ့အခါ PDF လို့ စာထုတ်ပါတယ်။ PDF ကို အကြောင်းပြပြီး လုပ်နေတာပေါ့” ဟု ၎င်းက ပြောသည်။

ထိုသို့ ဧည့်စာရင်းစစ်ရာတွင် ည ၁၀ နာရီမှ မနက် ၅ နာရီ အထိ အင်အားအများအပြားဖြင့် နေအိမ်ရှိ ဒေသခံအိမ်သားများကို အိမ်ပြင်သို့ ထွက်ခိုင်းစေပြီး ခြင်ထောင်လှန်မစစ်ရုံ တမယ် စစ်ဆေးကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

လက်ရှိကာလသည် အဝေးသင်တက္ကသိုလ် ကျောင်းတက်ချိန် ဖြစ်သည့်အတွက် တောင်ကုတ်မြို့ပေါ်တွင် အဝေးသင် တက်ရောက်ရန် လာရောက်နေထိုင်ကြသည့် ကျောင်းသားကျောင်းသူ အများအပြားမှာ စစ်ကောင်စီက ယခုကဲ့သို့ ဧည့်စာရင်းစစ်နေသဖြင့် အခက်အခဲ ဖြစ်ရကြောင်း ဒေသခံများက ပြောသည်။

“နယ်ကနေ ကျောင်းလာတက်တော့ အဆောင်မှာ နေရတာလေ၊ အခုလိုမျိုး ဧည့်စာရင်း စစ်နေတာတွေကြားတော့ စိုးရိမ်စိတ်လည်း ဖြစ်မိတယ်။ ဧည့်စာရင်းကို မဖြစ်မနေ တိုင်နေရတယ်” တောင်ကုတ်မြို့တွင် ကျောင်းလာတက် နေသူတစ်ဦးက ပြောသည်။

ယင်းသို့ အခြားနယ်မှ ကျောင်းလာတက်သူများထဲတွင် မှတ်ပုံတင် မရှိသေးသည့် ကျောင်းသူကျောင်းသား များလည်း ပါဝင်ပြီး ထိုသူများအား အဆောင်ငှားရမ်းထားသည့် ပိုင်ရှင်များထံမှ မေဂျာ အပြည့်အစုံ၊ ကျောင်းသားကဒ်၊ ဖုန်းနံပါတ်များပါ တောင်းရမ်းယူကြောင်း ဒေသခံများက ပြောသည်။

ဧည့်စာရင်းစစ်သည့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း နေ့စဉ်တိုင်းလိုလို စစ်ဆေးနေပြီး ယခင်ရက်များက စစ်ပြီးခဲ့သည့် ရပ်ကွက်၊ လမ်းများ ကိုလည်း ထပ်တလဲလဲ စစ်ဆေးမှု ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here