ကန့်ဘလူစစ်ရှောင်များ ရာသီတုတ်ကွေးဒဏ်ခံစားနေကြရ

0
206
ပုံစာ - ဆေးကုသမှုခံယူနေကြသည့် စစ်ရှောင်သက်ကြီးတချို့။ (Photo-ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် စစ်ရှောင်နေရသည့် ကျေးရွာ ၇ ရွာမှ ဒေသခံပြည်သူများ ရာသီတုတ်ကွေးဒဏ် ခံစားနေကြရပြီး ဖျားနာနေသူ ၃၅၀ ကျော် ရှိနေကြောင်းနှင့် ရေရှားပါးမှု ပြဿနာကြောင့်လည်း အရေပြားရောဂါ ဖြစ်ပွားနေသည်ဟု ဒေသခံများနှင့် ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူအဖွဲ့က ပြောဆိုသည်။

ကျွန်းလှတက်ကြွလှုပ်ရှားသူအဖွဲ့မှ တာဝန်ရှိသူက “ဒီကာလက မိုးတွင်းလည်းဖြစ်တယ် ရာသီတုတ်ကွေး ဖြစ်နေတဲ့ အချိန်ဖြစ်နေတော့ စစ်ရှောင်တွေ တော်တော်များများ ဖျားကြနာကြတာ ရှိနေတာပေါ့။ ကလေးလူကြီး အကုန်ဖျားနေတာ၊ အများဆုံးတွေ့ရတာက သွေးတိုးဆီးချိုတွေ ရှိမယ်။ နောက်ထပ် ရေပြဿနာပေါ့၊ တချို့က ကန်လိုမျိုးမှာ ချိုးရတော့ အရေပြားရောဂါဖြစ်တာတွေ တွေ့ရတယ်။ အဲနားတူးထားတဲ့ကန်မှာ ချိုးရတော့ အရေပြားနဲ့ ပတ်သတ်ပြီး ရောဂါတွေ ယားနာလိုမျိုးတွေ ဖြစ်တာများတယ်” ဟု ပြောသည်။

ရာသီဥတု အပြောင်းအလဲအပြင် ရေပြဿနာ ရှိနေသောကြောင့် ယခုကဲ့သို့သော ရောဂါများ ဖြစ်ပွားနေရခြင်း ဖြစ်ကြောင်းနှင့် စစ်ရှောင်ပြည်သူများအတွက် ဆေးဝါးအပြင် အခြေခံစားသောက်ကုန်များလည်း အဓိက လိုအပ်နေတယ်လို့ အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

“ဆေးမှာထားတဲ့ဟာတွေက လမ်းကြောတွေပိတ်တော့ ဆေးတွေကဟိုရောက်တော့ ပြန်ဝယ်ရတော့ ကုန်ကျစရိတ် ထောင်းတာပေါ့။ နောက် မိုးတွင်းကျ သွားရေးလာရေးခက်တာတွေ ကြုံနေရတာပေါ့။ စစ်ရှောင်တွေအတွက်က အဓိကကြတော့ အခြေခံစားသောက်ကုန်တွေ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ဒါတွေကတော့ အခုကိုက အမှန်တိုင်းပြောရရင် သူတို့လိုအပ်နေတာပေါ့။ နေရတာပဲ အဆင်ပြေပြီးတော့ စားရေးသောက်ရေးကော ကျန်းမာရေးကော အကုန်လိုအပ်တာကြီးပဲ” ဟု ၎င်းက ဆက်ပြောသည်။

အလားတူ စစ်ရှောင်နေရသည့်အမျိုးသမီးများတွက် လစဉ်သုံး အသုံးအဆောင်ပစ္စည်း လိုအပ်မှုလည်း စိန်ခေါ်မှုတရပ် ဖြစ်သည်ဟု စစ်ရှောင်အမျိုးသမီးများက ဆိုသည်။

လစဉ်သုံးပစ္စည်းများအတွက် အလှူရှင်များမရှိသလို ဝယ်သုံးရန်လည်း ငွေကြေးမတတ်နိုင်ကြကြောင်း ၎င်းတို့က ဆက်ပြောသည်။

ယင်းအပြင် စစ်ရှောင်များနေရာထိုင်ခင်းအတွက် အမိုးအကာများ၊ စောင်၊ ခြင်ထောင်နှင့် အနွေးထည်တို့ပါ လိုအပ်နေသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောပါသည်။

ကန့်ဘလူမြို့နယ်တွင် စစ်ရှောင်နေရသည့် ကျေးရွာပေါင်း ၃၀ ကျော် ရှိပြီး စစ်ရှောင်ပြည်သူ ၃ သောင်း ကျော် ရှိနေကြောင်းနှင့် ယင်းစစ်ရှောင်ပြည်သူများသည် ၎င်းတို့၏ ရပ်ရွာများကို စွန့်ခွာ၍ စစ်ရှောင်နေရသည်မှာ တစ်နှစ်ကျော် ရှိပြီဟု ဒေသခံစစ်ရှောင်များက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here