တနင်္သာရီရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး အရာခံဗိုလ်အပါအဝင် ၂ ဦး သေဆုံး

0
347
ပုံစာ - တနင်္သာရီရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ။ (Photo -Tanitharyi PDF)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ အရာခံဗိုလ်တစ်ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း တပ်စွဲနေထိုင်နေသည့် အဆိုပါစစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ည ၅ နာရီခန့်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက အနီးကပ် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါးကြာဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ အရာခံဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦး သေဆုံးပြီး တပ်သားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

နှစ်ဖက်ပစ်ခတ်မှုပြီးနောက် တနင်္သာရီအခြေစိုက် အမှတ် (၅၆၁) ခြေမြန်တပ်ရင်းမှ ညောင်ပင်ကွင်းကျေးရွာ ဘက်ကို လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း ထိခိုက်ပျက်စီး ဒဏ်ရာရမှုမရှိကြောင်း ဒေသခံ များ၏ ပြောဆိုချက်များအရ သိရသည်။

ထိုသို့တိုက်ခိုက်ခံရသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်၌ ခမရ ၅၆၁ တပ်က တပ်ဖွဲ့ဝင်များ အထိုင်ချပြီး လမ်းသွားလမ်းလာများကို ဖမ်းဆီးစစ်ဆေး ခြိမ်းခြောက်ငွေညှစ်နေသည့် ဂိတ်အဖြစ် နာမည်ဆိုးနှင့် ကျော်ကြားနေသော ဂိတ်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း ၂ နှင့် SWDF အဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here