တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဝဇွမ်းတောကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စခန်း တစ်ခု စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက စီးနင်းခံခဲ့ရကြောင်း PDF နှင့် နီးစပ်သည့်သတင်းရင်းမြစ်များက ပြောသည်။
စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တပ်အင်အား ၅၀ ကျော်ပါသည့် စစ်ကောင်စီတပ်သည် ဝဇွမ်းတောကျေးရွာအနီးရှိ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၏ ဇင်ယော်စခန်းကို ဝင်ရောက် စီးနင်းခဲ့ခြင်း ဖြစ်သည်။
PDF နှင့် နီးစပ်သည့်သတင်းရင်းမြစ်များ၏ ပြောဆိုမှုအရ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာကြောင်း သတင်းအရ PDF တပ်ဖွဲ့ဝင်များက ၎င်းတို့အား တိုက်ခိုက်ရန် စစ်ကြောင်းလာရာလမ်းတစ်ခုတွင် သွားရောက် စောင့်ဆိုင်းနေစဉ် စစ်ကောင်စီတပ်မှ လမ်းကြောင်းပြန်လှည့်ပြီး ထို PDF စခန်းထဲ ဝင်ရောက်စီးနင်းခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနှင့် စခန်းအတွင်း ဝင်ရောက်လာခြင်းကြောင့် ကျန်ရှိနေသည့် အစောင့်ရဲဘော်များက ပြန်လည်တိုက်ခိုက်မှုမလုပ်ဘဲ စခန်းလက်လွှတ်ပေးခဲ့သည့်အတွက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု မရှိခဲ့ကြောင်း သိရသည်။
ယင်းသို့ စခန်းစီးနင်းခံခဲ့ရမှုကြောင့် စခန်းအတွင်းကျန်ရှိသည့် လက်လုပ်သေနတ် ၁၀ လက်၊ ရှော့တိုက်ဒုံးသီး၊ ကျည်အိမ်၊ စကားပြောစက်၊ မိုင်း၊ စားသောက်ကုန်ရိက္ခာ၊ ဆေးပစ္စည်းများနှင့် ယူနီဖောင်းများ သိမ်းဆည်း ခံခဲ့လိုက်ရကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီ စစ်ကြောင်းသည် စက်တင်ဘာ ၂၅ ရက်နေ့က စပြီး ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကနေ ဝဇွမ်းတော၊ ဧကနိ၊ ခမောက်ချောင်း ကျေးရွာများကို ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသည့် တပ်ဖွဲ့လည်း ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
ရေဖြူမြို့နယ်ရှိ ကျေးရွာများအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် ဝဇွမ်းတော၊ ဧကနိ၊ ခမောက်ချောင်း၊ ရငဲ၊ ဝက်ချောင်း ကျေးရွာများက ဒေသခံ ၅၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။