
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသော ဘာသာရေးအဆောက်အအုံများကို အရေးယူဆောင်ရွက်မည်ဟု စစ်ကောင်စီလက်အောက်ခံ ပလက်ဝမြို့နယ် သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနက ညွှန်ကြားထုတ်ပြန်သည်။
ပလက်၀မြို့နယ်တွင် ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံ ဆောက်လုပ်မှု၊ တိုးချဲ့ပြင်ဆင်မှုများ မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် စစ်ဆေးတွေရှိပါက သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့များသို့ အချိန်နှင့်တပြေးညီ တင်ပြရမည်ဟု အဆိုပါညွန်ကြားစာတွင် ဖော်ြပထားသည်။
အဆိုပါညွှန်ကြားစာကို ပလက်၀မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကတဆင့် ပလက်၀မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် အသိပေးညွန်ကြားလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ညွှန်ကြားစာထွက်လာပြီးနောက်ပိုင်း ပလက်ဝမြို့၌ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ တိုးချဲ့ခြင်းများ မရှိသေးသလို အရေးယူဆောင်ရွက်ခြင်းမျိုးလည်း မကြားမိသေးကြောင်း ပလက်၀မြို့နယ်က ခရစ်ယာန်ဘာသာရေး ဆရာတစ်ဦးက ပြောသည်။
“သူတို့ ထွေအုပ်ရုံးမှာတော့ စာကပ်ထားတယ်လို့ ပြောတယ်၊ တချို့တွေလုပ်တဲ့နေရာမှာ အခက်ခဲ အဟန့်တားရှိတယ် ဆိုတာတော့ မတွေ့သေးဘူး၊ ဒါပေမယ့် သူတို့ရဲ့လုပ်ထုံးလုပ်နည်းလို့ပြောမလား အဆောက်အအုံတစ်ခု လုပ်မယ်ဆိုရင်တော့ တရား၀င်ခွင့်ပြုချက်တို့ဘာတို့လုပ်ဖို့ သူတို့သတ်မှတ်ထားတဲ့ ဟာတော့ ရှိမယ်ထင်တယ်၊ လောလောဆယ်တော့ အဆောက်အအုံဆောက်ထားတာမျိုး မရှိတော့ ကျနော် ကိုယ်တိုင်တော့ မကြုံသေးဘူးလို့ ပြောရမှာပေါ့” ဟု အဆိုပါ ခရစ်ယာန်ဘာသာရေးဆရာက ပြောသည်။
ပလက်ဝမြို့နယ်အတွင်း ဘာသာရေးအဆောက်အအုံ ဆောက်လုပ်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်းများအား စစ်ကောင်စီမှ ယခုကဲ့သို့ တင်းကြပ်ကန့်သတ်လိုက်သည့်အပေါ် ဘာသာရေး လွတ်လပ်ခွင့် ပိတ်ပင်ခြင်း ဖြစ်သည်ဟုဆိုကာ ဒေသခံများက ဝေဖန်ပြောဆိုကြသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ခရစ်ယာန်ဘာသာ၊ ဗုဒ္ဓဘာသာနှင့် မူဆလင်ဘာသာဝင်များလည်း နေထိုင်ကြကြောင်း ဒေသခံများထံက သိရသည်။
ချင်းပြည်နယ်သည် ခရစ်ယာန်ဘာသာဝင် ၈၀ ရာခိုင်နှုန်းကျော်ရှိသည့် ပြည်နယ်ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ် အတွင်းရှိ ဘာသာရေးအဆောက်အအုံ ၉၅ ခု ပျက်စီးခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောဆိုထားသည်။
KMG ပေပို့သည်။