ချင်းပြည်ကောင်စီမှာ ချင်းအင်အားစုများအားလုံးပါဝင်လာစေရေး ညှိနှိုင်ရေးအဖွဲ့ဖွဲစည်းဆောင်ရွက်နေ

0
410
ပုံစာ - ချင်းပြည်ကောင်စီတွင် ချင်းတော်လှန်ရေးအင်အားစုများ အားလုံးပါဝင်ရေး ညှိနှိုင်းနေ။

ချင်းပြည်ကောင်စီ ဖွဲ့စည်းထူထောင်ရာတွင် ချင်းတော်လှန်ရေးအင်အားစုများအားလုံး ပါဝင်နိုင်ရေးအတွက် မတက်ရောက်ခဲ့သည့်အဖွဲဝင်များ ပါဝင်လာစေရန် WCCCC ကော်မတီအောက်တွင် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေသည်ဟု ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် Dr. Ngai Tam Mawng က ပြောသည်။

“အဓိက က CJDC မှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေကို အခြေပြုပါတယ်။ နောက်ပိုင်းမှာ ဆက်လက်ပြီးတော့ ညှိနှိုင်းသွားဖို့ ရှိပါတယ်။ အခု အစကနေစပြီးတော့မှ ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးတော့ ပါဝင်ပြီးသား အဖွဲ့ဝင်အတွင်းမှာပဲဖြစ်ဖြစ်၊ အားလုံးကိုပါဝင်နိုင်အောင် အထဲမှာလည်း ယုံကြည်မှုလည်း တည်ဆောက်ရေးနဲ့ လုပ်ဆောင်သွားမှာဆိုတော့ ညှိနှိုင်းရေးအဖွဲ့လည်း ဖွဲ့ထားတယ်” ဟု Dr. Ngai Tam Mawng က ပြောသည်။

အိန္ဒိယ- မြန်မာ နယ်စပ်တစ်နေရာတွင် ပြုလုပ်သည့် ချင်းပြည်ကောင်စီ ဖွဲ့စည်းရေး မျက်နှာစုံညီ အစည်းအဝေးကို ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသ အခြေပြု အဖွဲ့အစည်း (၁၆) ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသော်လည်း ချင်းကာကွယ်ရေး တပ်ဖွဲ့ (၂) ခုက တက်ရောက်ခဲ့ခြင်းမရှိဟု ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။

စက်တင်ဘာလ ၇ ရက် မှ ၉ ရက်အထိ ကျင်းပပြုလုပ်သည့် ယင်းအစည်းအဝေးပွဲကို ဖလမ်းမြို့နယ်ထဲက ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) နှင့် တီးတိန်းမြို့နယ်ထဲက ဇိုမီးဖက်ဒရယ်ယူနီယံ (ZFU) အဖွဲ့တို့က မတက်ရောက်ခဲ့ခြင်း ဖြစ်သည်။

CNO/ CNDF မှ မူဝါဒရေးရာ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာထန်းက “မပါဝင်ခဲ့ရတဲ့ အကြောင်းက အခုအစည်းအဝေးကိုခေါ်တဲ့ CNF ရဲ့ အပေါ်မှာ ယုံကြည်မှု မတည်ဆောက်နိုင်တာပါတယ်။ ဘာလို့လဲ ဆိုတော့ ICNCC နဲ့ CJDC နဲ့ ပူးပေါင်းပြီးတော့မှ ကြိုစားခဲ့ကြတဲ့ ‘ဆင်ပြောင်ကြီး အမြီးကြမှ တစ်’ သွားတဲ့ဟာကို နားမလည်နိုင်ဘူး။ CNF သာ အဲဒီအချိန်တုန်းက ပူးပေါင်းပါဝင်ခဲ့မယ်ဆိုရင် ခုချိန်မှာ ချင်းလဲန်းကောင်စီက ထွက်ပြီးနေလောက်ပြီ။ ကယားပြည်နယ်ထက်ကို ချင်းပြည်အစိုးရက အရင် ဖွဲ့နေလောက်ပြီ” ဟု ပြောသည်။

ဆက်လက်ပြီး ဆလိုင်းပီတာထန်းက “အဲဒီအချိန်တုန်းက ဘာကြောင့် သူမပါဝင်ခဲ့တာလဲ ဆိုတာကို နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ကျနော်တို့ နားမလည်ပေမယ့် သေချာတာက အဲဒီအချိန်တုန်းက သူ မပါဝင်ခဲ့ဘဲ ထွက်သွားပြီးတော့မှ သူရဲ့အတောင်အောက်ကနေ သီးခြားထပ်ဖွဲ့ဖို့ လုပ်လာတဲ့အခါမှာ အခုကြည့်ပါ၊ အကြိုညှိနှိုင်းအစည်းအဝေးကနေ ဘာထပ်လုပ်ရလဲဆိုတော့ ဖြစ်မြောက်ရေးကော်မတီ ထပ်ဖွဲ့နေရတယ်။ အစကနေ ပြန်လုပ်နေရတယ်။ ဟိုအရင်က ကျနော်တို့ ဆွဲထားတဲ့ CJDC ၁၈ ဖွဲ့၊ မျိုးနွယ်စုခေါင်းဆောင်၊ မြို့နယ်ခေါင်းဆောင်တွေရဲ့ ကြားထဲမှာ သဘောထား အမြဲတမ်းကွဲလွဲနေရတဲ့ ဟာတွေ ၊ အဲဒီ ၁၈ ဖွဲ့လုံး သဘောတူညီတဲ့ Draft (မူကြမ်း) တစ်ခု ထပ်ရလာဖို့ ဆိုတာ လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး။ ဒါပေမဲ့ အခုက သူက အစကနေ ပြန်ပြီးတော့ လုပ်နေရတာပါ။ အဲဒါတွေက ဘာအတွက်လည်းဆိုတာ ကျနော်တို့ နားမလည်နိုင်ဘူး။ ယုံကြည်မှုလည်း မတည်ဆောက်နိုင်ဘူး” ဟု ပြောဆိုသည်။

ချင်းအမျိုးသားတပ်ဦး (CNF/CNA) က The Father of All စိတ်ဓါတ်ကိုလျော့ပြီး One among us စိတ်သဘောဖြင့် ဆောင်ရွက်ပါက CNO/ CNDF ဘက်မှ လက်ခံကြိုဆိုပြီသားဖြစ်ပြီး အစ်ကိုကြီးနေရာမှာ ထားသည်ဟု ဆလိုင်းပီတာထန်းက ဆက်ပြောသည်။

ကျင်းပခဲ့သည့် မျက်နှာစုံညီအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် CNF မှ ချင်းပြည် ဖွဲ့စည်းပုံအတွက် ရေးဆွဲထားသည့် မူကြမ်းတစ်ခုကို ဖရိန် (Frame) တစ်ခုအနေဖြင့် တင်ပြခဲ့ပြီး တက်ရောက်ခဲ့သော ကိုယ်စားလှယ် ၁၀၈ ဦးက ဆွေးနွေးခဲ့ကြသည်ဟု Dr. Ngai Tam Mawng က ပြောသည်။

ချင်းလဲန်းကောင်စီ ညီလာခံအလုပ်အဖွဲ့ကော်မတီ (Working Committee for Chinland Council Conference -WCCCC) ကို စက်တင်ဘာလ ၂၂ ရက်က စတင်ဖွဲ့စည်းပြီးနောက် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်အညီ ချင်းပြည်အခြေခံဥပဒေကို ရေးဆွဲမည်၊ ထို့နောက် ယင်းဥပဒေနှင့်အညီ ချင်းလဲန်ကောင်စီကို ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

ချင်းလဲန်းကောင်စီ ဖွဲ့စည်းရာတွင် ချင်းအင်အားစုများ အားလုံးပါဝင်ရေးအတွက် မပါဝင်လာသေးသည့် အဖွဲ့ဝင်များအပြင် ချင်းတော်လှန်ရေး အင်အားစုများနှင့် တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်ရန်၊ ယုံကြည်မှုများ တည်ဆောင်နိုင်ရန် ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းရန် စက်တင်ဘာလ ၂၂ ရက်က ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ထိုကြောင့် ချင်းလဲန်းကောင်စီညီလာခံ ကျင်းပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီး ယင်းမှတဆင့် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး မဏ္ဍိုင် ၃ ရပ် အပါအဝင် ချင်းပြည်အစိုးရကို ဖွဲ့စည်းမည် ဖြစ်သည်ဟု ဆိုသည်။

ချင်းလဲန်ကောင်စီညီလာခံ ကျင်းပရေးကော်မတီတွင် လွှတ်တော်ကိုယ်စားလှယ်များဘက်မှ တစ်မြို့နယ်ကို ၁ ဦး၊ CNF/ CNA ဘက်မှ ၅ ဦး၊ မြို့နယ်နှင့် ဒေသအခြေပြုဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဘက်မှ ကိုယ်စားလှယ် ၁ ဦးစီ ပါဝင်သည်ဟု ယင်းကော်မတီမှ တာဝန်ရှိသူက ရှင်းပြသည်။

ချင်းပြည်ဖွဲ့စည်းပုံ အပြီးသတ်ရေးဆွဲနိုင်ရေးနှင့် ချင်းလဲန်းကောင်စီ ညီလာခံ အမြန်ဆုံး ခေါ်ယူနိုင်ရေးအတွက် ဆွေးနွေးပွဲများကိုလည်း လာမည့်လများတွင် ထပ်မံကျင်းပပြုလုပ်မည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းတော်လှန်ရေးအစုအဖွဲ့ ၄ ခု ဖြင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ကို ဖွဲ့စည်းခဲ့ပြီး ယင်းမှတဆင့် ချင်းပြည်အစိုးရ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်ခဲ့သော်လည်း အဆုံးမသတ်နိုင်ခဲ့ပါ။

ထို့နောက် ချင်းကာကွယ်ရေးတပ်ဖွဲ့ ၁၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် CJDC အနေဖြင့်လည်းကောင်း၊ CJDC နှင့် ICNCC တို့ ပူးပေါင်းထားသည့် အဖွဲ့အနေဖြင့်လည်းကောင်း ချင်းလဲန်းကောင်စီနှင့် ချင်းပြည်အစိုးရ ပေါ်ပေါက်ရေး ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ပဲ ဖြစ်နေခဲ့သည်။

ထိုသို့ချင်းတော်လှန်ရေး အင်အားစုများက ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here