ဖရူဆိုဒေသခံအမျိုးသမီးတစ်ဦး နေအိမ်အတွင်း စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့မြေမြှုပ်မိုင်းနင်းမိလို့သေဆုံး

0
270
ပုံစာ - နေရပ်အိမ်ကိုရိက္ခာပြန်ယူရင်း မိုင်းနင်းမိတာကြောင့် ကရင်နီစစ်ရှောင်အမျိုးသမီးသေဆုံး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က ကရင်နီ (ကယား) ပြည်၊ ဖရူဆိုမြို့နယ်၊ လောကျေခူကျေးရွာက ဒေသခံ အမျိုးသမီးဟာ နေအိမ်ခြံဝန်းအတွင်း စစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရသည်။

သေဆုံးသွားတဲ့ ဒေသခံအမျိုးသမီးဟာ အသက် ၅၀ ဝန်းကျင်အရွယ် ရှိပြီး စစ်ဘေးရှောင်နေရင်း ရိက္ခာယူဖို့ အတွက် နေရပ်အိမ်ကို ပြန်ချိန်မှာ မိုင်းနင်းမိခဲ့တာဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် ခြေထောက် နှစ်ဖက်စလုံး ပြတ်ထွက်သွားပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောသည်။

“သူကမိုင်းနင်းမိတော့ ခြေထောက် ၂ ဖက်စလုံး ပြတ်သွားတာပေါ့နော။ ဒူးထိ ဒူးအောက်ပိုင်း နှစ်ဖက်စလုံးပေါ့၊ လုံး၀ ကြေမွသွားတယ်။ အစအနတွေလောက်ပဲ ကျန်တော့တယ် အဲလိုမျိုးပေါ့နော” လို့ ဖရူဆိုမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါသည်။

မိုင်းနင်းမိပြီးနောက် ဆေးရုံသို့ ပို့ဆောင်ဖို့သွားတဲ့လမ်းမှာ သွေးထွက်လွန်ပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ သေဆုံးသူနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပြသည်။

“ချက်ချင်းတော့ အသက်မထွက်ဘူး ဆေးရုံသွားဖို့ လုပ်နေသေးပေမဲ့လည်း ဆေးရုံကဝေးတော့ နဲနဲပဲသွားရ သေးတယ်ပေါ့နော။ အသက်က ထွက်သွားတော့ ပြန်လှည့်လာရတဲ့ အနေထားမျိူးဖြစ်သွားတာပေါ့” လို့ အဆိုပါအမျိုးသမီးက ပြောဆိုသည်။

မြေမြှုပ်မိုင်းနင်းမိသေဆုံးသွားသည့် အမျိုးသမီးနေထိုင်ရာ အဆိုပါ လောကျေခူကျေးရွာတွင် စစ်ကောင်စီတပ်က စက်တင်ဘာ ၁၀ ရက်နေ့ က စပြီး တစ်ပတ်ကြာ အခြေချ တပ်စွဲနေထိုင်ခဲ့ပြီးနောက် ကျေးရွာတွင်း နေရာအနှံ့ မိုင်းများ ထောင်ထားခဲ့ကြောင်း ဒေသခံများနှင့် ဒေသဆိုင်ရာကာကွယ်ရေးတပ်များက ပြောသည်။

ဖရူဆို-ဘောလခဲ လမ်းမကြီးတလျှောက်တွင် စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးနေပြီး ၎င်းတို့ ၀င်ရောက် တပ်စွဲခဲ့တဲ့ ကျေးရွာတွေမှာ နေရာအနှံ့ မိုင်းထောင်ထားခဲ့တာကြောင့် ဒေသခံများအနေဖြင့် နေရပ်မပြန်ကြဖို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF ) က တိုက်တွန်းထားသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်အတွင်း အရပ်သားသေဆုံးသူဦးရေသည် ၅၂၂ ဦး ထိ ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစု (PKPF) ၏ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူများတွင် လက်နက်ကြီး ထိမှန်မှုနဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးမှု အများဆုံးဖြစ်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရမှု၊ မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့ရတာလည်း ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဆက်ဖော်ပြထားသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here