ကော့သောင်းတိုက်ပွဲကြောင့် ဒေသခံရာချီ ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရ

0
359
ပုံစာ - ကော့သောင်း၊ မလိဝမ်းကျေးရွာသားများ ထိုင်းဘက်ကို စက်လှေဖြင့် ထွက်ပြေးတိမ်းရှောင်နေစဉ်။ (Photo – CJ)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တပ်အကြား တိုက်ပွဲကြောင့် ဒေသခံရာနှင့်ချီ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောပါသည်။

စက်တင်ဘာ ၂၀ ရက်နေ့က မလိဝမ်းကျေးရွာထဲသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်လာချိန် ဒေသ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနဲ့ နှစ်ဖက်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မလိဝမ်းကျေးရွာမှ ဒေသခံ ၅၀ နီးပါး ထိုင်းဘက်ခြမ်းသို့ စက်လှေများဖြင့် ချက်ချင်းဆိုသလို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ပြောဆိုသည်။

နှစ်ဖက်တိုက်ပွဲအတွင်း အထိနာသွားသော စစ်ကောင်စီတပ်က အင်အားထပ်မံဖြည့်တင်းပြီး ခမောက်ကြီး ကျေးရွာထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ ၂၀၀ ကျော်သည်လည်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေရသည်ဟု ဒေသခံစစ်ရှောင်များက ပြောသည်။

ပုံစာ – ထိုင်းဘက်ကိုရောက်ရှိနေသည့် ကော့သောင်းဒေသခံစစ်ရှောင်များ။ (Photo – CJ)

ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးသွားသည့် စစ်ဘေးရှောင် ဒေသခံပြည်သူများကို ထိုင်းအာဏာပိုင်များက ယာယီ ကူညီစောင့်ရှောက်မှုများ လုပ်ဆောင်ပေးထားကြောင်း ၎င်းတို့ထံမှ သိရသည်။

အဆိုပါ ကော့သောင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၃ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာခြင်း မရှိကြောင်း တော်လှန်ရေးအင်အားစုတပ်ဖွဲ့များက ပြောဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်တွင်ရှိသည့် ကော့သောင်းမြို့နယ် မလိဝမ်းနှင့် ခမောက်ကြီးကျေးရွာတို့မှ ဒေသခံများသည် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့၏ နှစ်ဖက်တိုက်ပွဲများကြောင့် မကြာခဏသလို ထိုင်းဘက်ခြမ်း သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here