ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၂ ၊ နယူးအာရှဟိုတယ် အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဗုံးပေါက်ကွဲမှုသည် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု လားရှိုးမြို့ခံများက ပြောသည်။
လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက “ပေါက်ကွဲမှုဖြစ်တဲ့ဟာက ကျနော်ကြားသိရသလောက် ဗုံးကဆိုင်ကယ်ထဲမှာ ထည့်ထားတယ် ပြောတယ်။ ဆိုင်ကယ်နဲ့အတူပဲ ပေါက်ကွဲသွားတာ။ ထိတဲ့သူတွေက ပြည်သူတွေပါ လမ်းမှာသွား လာတဲ့သူတွေ” ဟု ပြောသည်။
ပွဲချင်းပြီးသေဆုံးသွားသူမှာ အသက် ၃၅ နှစ် ဝန်းကျင်ရှိပြီး ဒဏ်ရာရရှိထားသူများကို လားရှိုး ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားသည်ဟု အဆိုပါ လားရှိုးမြို့ခံအမျိုးသားက ဆက်ပြောသည်။
“သေဆုံးသူနဲ့ ထိခိုက်တဲ့သူတွေ ဘယ်မှာဒဏ်ရာတွေ ရရှိသွားလဲဆိုတာ မသိရပါဘူး။ ဆေးရုံမှာ ပို့ထားတယ်ပဲ ကြားရတယ်။ လားရှိုးမြို့က အခုလိုမျိုး ပေါက်ကွဲမှုတွေဖြစ်တာ ရိုးနေပြီ၊ စစ်တပ်တွေတောင် လမ်းမှာစစ်ဆေး တာ မတွေ့ရဘူး” ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့၊ နံနက် ၁၀ နာရီခွဲက လားရှိုးမြို့က သိန်းထိုက်ရုပ်ရှင်ရုံရှိ ဆိုင်ကယ်ထားသည့် နေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်အစီးရေ ၂၀ ဝန်းကျင် ထိမှန်ပျက်စီးခဲ့သည်။
သြဂုတ်လ ၆ ရက်နေ့၊ နံနက် ၁၁ နာရီခွဲချိန်တွင်လည်း ကျောက်မဲမြို့နယ် ရပ်ကွက် (၁) ရှိ အုပ်ချုပ်ရေးမှူး ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စည်ပင်အရာရှိ တစ်ဦးနှင့် လျှပ်စစ်အရာရှိတစ်ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိ ခဲ့သည်။
ထို့အတူ ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းကလည်း လားရှိုးမြို့မစျေးရှိ ဇွဲထက်ရွှေဆိုင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဝန်းထမ်း ၁ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။
NMG ပေးပို့သည်။