ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး ဧက ၅၀၀ ထက်မနည်းတူးဖော်မှုရှိနေလို့ ဒေသခံများစိုးရိမ်မှုရှိနေ

0
396
ပုံစာ - ကျေးသီးမြို့နယ် မိုင်းကောင်(ဝ်)အုပ်စု ကျောက်မီးသွေးများ ခွင့်ပြုမြေဧကထက် ကျော်လွန်တူးဖော်မှုရှိနေ။

သျှမ်းပြည် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်မှုသည် ခွင့်ပြုထားသည့် မြေဧက ထက်ကျော်လွန်ပြီး ဧကပေါင်း ၅၀၀ ထက်မနည်း တူးဖော်မှု ရှိနေသည့်အတွက် ဒေသခံများက စိုးရိမ်နေကြောင်း သိရသည်။

ကျေးသီးမြို့နယ်၊ မိုင်းကောင်(ဝ်)အုပ်စု (ဢိူင်ႇမိူင်းၵၢဝ်ႇ) ရှိ မိုက်ဟုန်းလိန်ကျေးရွာ (ဝၢၼ်ႈမႆ့ႁူင်းလိူင်) အနီးတွင် ကျောက်မီးသွေး တူးဖော်နေခြင်းဖြစ်ပြီး ဟေဟိန်းကုမ္ပဏီက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဟေဟိန်း ကုမ္ပဏီသည် တစ်နေ့လျှင် ၂၂ ဘီး တွဲကားဖြင့် ကားအစီး ၆၀ မှ ၇၀ အထိ သယ်ဆောင်မှု ရှိနေကြောင်း ကျေးသီးမြို့ခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“ကျောက်မီးသွေး တူးနေတာက ဟေဟိန်းကုမ္ပဏီလို့ သိရတယ်။ စစ်ကောင်စီတပ် ခလရ ၂၈၆ က လုံခြုံရေး ယူပေးထားတာပေါ့၊ မိုက်ဟုန်းလိန်ရွာ အဝင်ကနေ ကျောက်မီးသွေးတူးတဲ့ နေရာအထိကိုလည်း မြေဖို့ ၊ လမ်းထွင်တာ လုပ်နေကြတယ်။ တနေ့ တနေ့ထုတ်တဲ့ ကျောက်မီးသွေးက တွဲကား ၆၀ ကနေ ၇၀ လောက် ရှိတယ်Ó ဟု အဆိုပါဒေသခံအမျိုးသားက ပြောသည်။

မိုင်းကောင်(ဝ်) ကျေးရွာအုပ်စုအတွင်း တူးဖော်နေသည့် ကျောက်မီးသွေး ဧကပေါင်း ၅၀၀ ထက် မနည်း ရှိနေပြီး ယင်းသို့ ကျောက်မီးသွေး တူးဖော်မှုကို ကန့်သတ်လိုသည့်အကြောင်း ဒေသခံများနှင့် သံဃာတော်များမှ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံသို့ အကြိမ်ကြိမ် စာပို့ခဲ့ဖူးကြောင်း ကျေးသီးမြို့မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“အခု ကျောက်မီးသွေးတူးတဲ့နေရာက SSPP ထိန်းချုပ်နယ်မြေရှိနေတော့ အရပ်သားနဲ့ သံဃာတော်တွေ ပေါင်းပြီး ကန့်ကွက်စာ အကြိမ်ကြိမ် ပေးဖူးလည်း အခြေအနေက ထူးမလာခဲ့ဘူး။ အခုချိန်က စစ်အာဏာသိမ်းချိန်လည်း ဖြစ်နေတော့ ဒေသခံတွေ ဆန္ဒပြကန့်ကွက်တာမျိုးလည်း မလုပ်ရဲဘူးလေ။ စစ်အုပ်ချုပ်ရေး စနစ်ဆိုတော့လည်း ကြောက်ရတယ်Ó ဟု ကျေးသီးမြို့မှ တက်ကြွလှုပ်ရှားသူက ပြောသည်။

ကျောက်မီးသွေးသယ် ၂၂ ဘီး တွဲကားများသည် ညနေပိုင်း ၅ နာရီခွဲ အထိ မိုင်းနောင် – ကျေးသီး ကားလမ်းမကြီး တွင် ကျောက်မီးသွေးတင်လျက် ရပ်နားလေ့ရှိပြီး ညနေ ၆ နာရီဝန်းကျင်မှ လားရှိုးမြို့ဘက်သို့ ဦးတည် မောင်းထွက်သွားကြကြောင်း ဒေသခံများက ပြောသည်။

ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ခြင်း နှင့် ပတ်သက်ပြီး ခွင့်ပြုထားသည့် မြေဧက ထက် ကျော်လွန်ပြီး တူးဖော်မှု ရှိနေကြောင်းနှင့် စိစစ်မှုများကို ပြုလုပ်နေလျက်ရှိကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး စိုင်းဆုက ပြောဆိုသည်။

“ကျောက်မီးသွေး တူးတဲ့ကိစ္စမှာ ပြည်သူလူထုကို ထိခိုက်တာမျိုးရှိရင်တော့ ကျနော်တို့က ခွင့်မပြုဘူး၊ သူတို့ လုပ်ခွင့်ရထားတဲ့ ဧက ၅၀၀ မှာက ပြည်သူလူထုရဲ့ အိမ်၊ ခြံ၊ ယာ မြေတွေ မထိခိုက်စေရဘူး အဲ့လိုမျိုးနဲ့ ခွင့်ပြုထားတာ။ ဒါပေမဲ့ ဒီကြားထဲမှာ သူတို့က ချဲ့ထွင်ပြီးတော့ ဧက ၇၀၀ ကျော်ကို တူးနေတယ်လို့ သိရတယ်။ အဲ့တာကို ကျနော်တို့ရဲ့လူက သွားပြီးတော့ စိစစ်နေတယ်။ တကယ်လို့ အဲ့လိုဖြစ်ရင်တော့ သူတို့ပိတ်ရမှာပါ။ ဒါကို ကျနော်တို့ အားမပေးဘူးÓ ဟု SSPP/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။

ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရန် လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီများသည် ဟေဟိန်း ကုမ္ပဏီအပြင် MEC ကုမ္ပဏီ ၊ နမ့်ပန် ကုမ္ပဏီ နှင့် ထွန်းမြတ်အောင် ကုမ္ပဏီတို့မှလည်း လာရောက် တူးဖော်မည်ဖြစ်ကြောင်း ဒေသခံများအကြား သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။

ကျောက်မီးသွေးကို ဆက်လက်တူးဖော်မည် ဆိုပါက ကျေးသီးမြို့နယ်အတွင်း လယ်ယာများအတွက် အဓိက အရေးပါသည့် နမ့်ဟင်ချောင်း (မႄႈၼမ့်ႁႅၼ်) ကို ထိခိုက်နိုင်သည့်အတွက် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများပါ ထိခိုက်လာနိုင်တယ်လို့ ဒေသခံများက ပြောဆိုသုံးသပ်နေကြသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here