စစ်ကိုင်း၊ ကန့်ဘလူမှ ပြည်သူ ၆ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ

0
369
ပုံစာ - စစ်ကောင်စီစစ်ကြောင်းကြောင့် ကန့်ဘလူပြည်သူ ၆ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံပြည်သူ ၆ ထောင် ကျော်သည် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများနှင့် ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက “တစ်ရက်တည်းမှာပဲ ၁၂ ရွာ ပြေးတာ၊ ထန်းကုန်းနဲ့နီးတဲ့ အနီးနားက ရွာတွေပေါ့၊ လူဦးရေ ၆ ထောင်ဝန်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းတာပေါ့၊ ညောင်ပင်ကြီးကနေ ပြီးတော့ ညောင်ပင်လေးရွာကို စစ်ကြောင်းက ပြန်ခေါက်သွားတာ၊ ပြန်ခေါက်သွားပြီးတော့မှ ဒီနေ့မနက်မှာပဲ သိုးဘိုးရွာကို ဝင်တယ်။ ဝင်ပြီးတော့မှ မီးရှို့တယ်ပေါ့နော်။ အခုထိ ရွာကလူတွေက ဝင်လို့မရသေးဘူး” ဟု ပြောသည်။

စက်တင်ဘာ ၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်း ခြေမြန်တပ်ရင်း ၃၆၁ နှင့် ပျူစော ထီးအဖွဲ့တို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၁၀၀ ခန့်ပါသည့် စစ်ကြောင်းသည် ကန့်ဘလူခရိုင်၊ ထန်းကုန်း တိုက်နယ် အတွင်းရှိ တောင့်တည်းကုန်း ကျေးရွာကို မီးရှို့၍ထွက်ခဲ့သော စစ်ကြောင်းဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီခွဲခန့်တွင် ကိုးမြို့ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ထိုစစ်ကောင်စီ စစ်ကြောင်းသည် တောင့်တည်းကုန်းရွာ၊ ညောင်ဇင်ကြီးရွာ၊ သိုးဘိုး၊ ကိုးမြို့၊ဖလံချိုင်၊ သရက် ခေါင်း၊ မင်းကုန်း(က)၊ ဆူးပုတ်ကုန်း၊ ဘိုတဲ့ကုန်း၊ ဘိုကုန်း၊ ပေလည် နှင့် ငါးရာ စသည့် ကျေးရွာများအား မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ စက်တင်ဘာလ ၂ ရက်နေ့တွင်လည်း နတ်အင်းနှင့် အင်းလယ်ကြီး ကျေးရွာတို့တွင် အင်အား ၇၀ ခန့်ပါ သည့် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီး ရွာခံများဖြစ်သည့် မောင်ဝင်းကြိုင်နှင့် မောင်ဇင်အောင်တို့အား ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်းနှင့် ယင်းအပြင် ဝါးရုံပင်ကြားတွင်း ပုန်းနေသည့် အမျိုးသမီးတစ်ဦးအားလည်း သေနတ်ဖြင့် ပစ်ခတ်ပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

ကျွန်းလှတက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက “စက်တင်ဘာလ ၂ ရက်နေ့ ကတည်းက အင်းလယ်ကြီး ကို ဝင်တဲ့စစ်ကြောင်းက ဖမ်းတဲ့ဟာတွေ ယောက်ကျားလေး ၂ ယောက်ကတော့ အသတ်ခံလိုက်ရတယ်။ မိန်းကလေးတွေတော့ ပြန်လွှတ်လာတယ်” ဟု ပြောသည်။

ထို့အပြင် စက်တင်ဘာလ ၄ ရက်နေ့ကလည်း အင်အား ၁၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ပါသည့် စစ်ကြောင်းမှာ ဉာဏ်အင်းကျေးရွာအား တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ရာတွင် လူနေအိမ် ၂ လုံး မီးလောင်ပျက်စီး သွားသည်ဟု ဆိုသည်။

ယင်းစစ်ကြောင်းသည် စက်တင်ဘာလ ၆ ရက်နေ့တွင် လေးလှကျေးရွာနှင့် မြိုင်သာယာကျေးရွာတို့အား ထပ်မံ မီးရှို့ဖျက်ဆီးရာ လေးလှကျေးရွာမှ လူနေအိမ် ၁ လုံးနှင့် မြိုင်သာယာကျေးရွာမှ နေအိမ် ၄ လုံး ပျက်စီး သွားခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ က ထုတ်ပြန်ထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here