
ငြိမ်းချမ်းရေးညီလာခံ ပြုလုပ်ရန်အတွက် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် စစ်ကောင်စီလက်အောက်ခံ အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
RCSS/SSA နှင့် NSPNC တို့သည် ငြိမ်းချမ်းရေး ညီလာခံ ပြုလုပ်ရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့နှင့် ဆိုင်သည့် ကိစ္စရပ်များကို ဇူလိုင် ၁၁ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ The Global News Light of Myanmar တွင် ရေးသားထားသည်။
“၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ယခင်ဆွေးနွေးပွဲတွေမှာ သဘောတူထားတဲ့ အချက်တွေ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက် ရေး၊ ဖွံ့ဖြိုးရေးကိစ္စနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပံ့ပိုးရေး စတာတွေကို အပြန်အလှန် ဆွေးနွေး ညှိနှိုင်းခဲ့တယ်” ဟု စစ်ကောင်စီလက်အောက်ခံ The Global News Light of Myanmar သတင်းစာတွင် ရေးသားထားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် စစ်ကောင်စီလက်အောက်ခံ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ RCSS/SSA မှ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စဝ်စိုင်းငင်း၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး စဝ်ဆောင်းဟန် နှင့် ဗဟိုဦးစီးကော်မတီဝင် စဝ်စိုင်းဟန်တို့ တက်ရောက် နေကြောင်းလည်း သိရသည်။
ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး အသေးစိတ်မေးမြန်း သိရှိနိုင်ရန် သျှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ တာဝန်ရှိသူများ၊ ပြောရေးဆိုခွင့်ရှိသူများထံသို့ ဖုန်းဖြင့်ဆက် သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။
ထို့အပြင် ဇူလိုင်လ ၅ ရက်နှင့် ၆ ရက်တွင်လည်း မွန်ပြည်သစ်ပါတီ (NMSP) နှင့် စစ်ကောင်စီ လက်အောက်ခံ NSPNC တို့သည် နေပြည်တော်၌ တွေ့ဆုံခဲ့သေးကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် ဖော်ပြမှုအရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက် မှ ၁၇ ရက် အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သည့် PPST အဖွဲ့ဝင် ခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ PPST အဖွဲ့ဝင် (၅) ဖွဲ့မှ စစ်ကောင်စီနှင့် အတူ တွေ့ဆုံရန် သဘောတူသော်လည်း RCSS/SSA နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့က သီးသန့်တွေ့ဆုံရန် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း ချင်းမိုင်မြို့က တွေ့ဆုံဆွေးနွေးမှု အပြီးတွင် PPST ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောဆိုခဲ့သည်။
“ကျနော်တို့ NCA-S EAO (၇) ဖွဲ့ မျက်နှာစုံညီ အစည်းအဝေးက ရရှိတဲ့ သဘောတူ ဆုံးဖြတ်ချက်တစ်ခုလို့ ပြောရမှာပေါ့နော်။ NSPNC နဲ့ တွေ့ဆုံမှုမှာ RCSS နဲ့ NMSP တို့က သီးသန့်အဖွဲ့အနေနဲ့ သွားမယ်ဆိုပေမယ့် ကျနော်တို့ EAO ကြားမှာ (၇) ဖွဲ့လုံး သဘောတူညီထားတဲ့အတိုင်း တူတာကို တွဲလုပ်မယ်၊ မတူတာကို ခွဲလုပ်မယ် ဆိုပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ရှေ့ဆက်လုပ်ဆောင်သွားမှာပါ ” ဟု PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောသည်။
ယခုတစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုသည် RCSS/SSA တပ်ဖွဲ့နှင့် NSPNC တို့၏ သီးသန့်တွေ့ဆုံ ဆွေးနွေးမှု ဖြစ်နေပြီး၊ ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ PPST အဖွဲ့ဝင် (၅) ဖွဲ့ကလည်း စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် တွေ့ဆုံဆွေးနွေးမှု ရှိခဲ့သည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။