ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အသက်မပြည့်သော ကလေးငယ်များကို အတင်းအဓမ္မ ဖမ်းဆီးပြီး တပ်ဖွဲ့ဝင်အဖြစ် လက်ခံခြင်းနှင့် သွပ်သွင်းခြင်း လုံးဝပြုလုပ်ခြင်း မရှိသလို ထိုကဲ့သို့လည်း ပြုလုပ်မည် မဟုတ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝက ထုတ်ပြန်သည်။
ယခုရက်ပိုင်းအတွင်း ပလက်ဝမြို့နယ်တွင် အသက်အရွယ် မပြည့်သည့် ကျောင်းသူကျောင်းသားများကို CDF-Paletwa တပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသအခြေစိုက် အွန်လိုင်းမီဒီယာတစ်ခုတွင် ဖော်ပြခဲ့သည့်အပေါ် CDF-Paletwa က ဇူလိုင်လ ၁၀ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝ ဥက္ကဌ ဆလိုင်းမျိုးထိုက်က “ဘယ်သူမှ အတင်းအဓမ္မ ခေါ်ဆောင်ခြင်းကို သုံးလည်း မသုံးချင်ဘူး။ သုံးလည်း မသုံးသင့်ဘူး။ အခုက ပွင့်လင်းမြင်သာတဲ့ခေတ်၊ ကျနော်တို့က ပွင့်ပွင့်လင်းလင်းနဲ့ အောက်ခြေမှာ လုပ်ခဲ့သည်ရှိသော် အဖွဲ့အစည်းရဲ့ စည်းမျဉ်း စည်းကမ်းအတိုင်း အရေးယူမယ်လို့ ထုတ်ပြန်ပြီးသား ဖြစ်သလို၊ အောက်ခြေဝန်ထမ်းတွေကို ဘာဖြစ်ခဲ့သလဲဆိုတာ အစီရင်ခံစာလည်း တက်ခိုင်းဖို့ ရှိပါတယ်” ဟု ပြောသည်။
အဆိုပါရေးသားဖော်ပြချက်သည် CDF-Paletwa တပ်ဖွဲ့အပေါ် ပြည်သူများအနေဖြင့် အထင်အမြင် လွဲမှားစေရန် အတွက်သော် လည်းကောင်း၊ နွေဦးတော်လှန်ရေးကို သေးသိမ်စေပြီး အာဏာရှင်နှင့် အပေါင်းအပါအလိုတော်များ အားရကျေနပ်စေရန်အတွက် သော်လည်းကောင်း ရေးသားဖော်ပြခြင်းသာ ဖြစ်သည်ဟု CDF-Paletwa က ဆိုသည်။
ဒေသခံပြည်သူများ ငြိုငြင်ပြီး တော်လှန်ရေးကို နားလည်မှု လွှဲမှားစေနိုင်သော ပြုမှုဆောင်ရွက်ချက်များ လုံးဝ ပြုလုပ်မည် မဟုတ်ကြောင်း၊ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး ကွန်ဗင်းရှင် ပြဌာန်းချက်များနှင့် အညီ အသက်မပြည့်သော ကလေးငယ်များကို တပ်ဖွဲ့ဝင်အဖြစ် လက်ခံခြင်းနှင့် အဓမ္မဖမ်းဆီးကာ သွပ်သွင်းခြင်းကို လုံးဝ ပြုလုပ်မည် မဟုတ်ကြောင်း CDF-Paletwa ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- ပလက်ဝမှ တပ်ဖွဲ့ဝင်များက ပြုလုပ်ပါက ပြည်သူများအနေဖြင့် သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူများထံသို့ ဆက်သွယ်တိုင်ကြားနိုင်ပြီး ကျူးလွန်ကြောင်း စစ်ဆေး တွေ့ရှိပါက ကျူးလွန်သူ တပ်ဖွဲ့ဝင် မည်သူကိုမဆို စစ်ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုက်သင့်သော အရေးယူမှုများ ပြုလုပ်မည်ဟု သိရသည်။
ဇွန်လ ၃၀ ရက်က ပလက်ဝမြို့နယ်၊ ပေါင်းမိုကျေးရွာမှ ကျောင်းသားကျောင်းသူ ၂၂ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝက ဖမ်းဆီးခေါ်ဆောင်ထားပြီး ၁၉ ဦးကို ချက်ချင်း ပြန်လွှတ် ပေးခဲ့သည်ဟု ဒေသအခြေစိုက် Khumiland News က ဖော်ပြခဲ့သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ “ပေါင်မိုးက ကျောင်းသားတွေကို ခဏထိန်းတယ်ဆိုတာ သိရသလောက်က CDM မလုပ်တဲ့ စကစ ဝန်ထမ်းတွေကို ခေါ်ပြီးမှ ကျောင်းဖွင့်တဲ့ကိစ္စကို အဲဒီမှာ ဦးဆောင်တဲ့ ရဲဘော်တွေက ခဏထိန်းတယ်ဆိုတဲ့ အနေအထားပါ။ ကလေးတွေကို လက်ဖျားနဲ့တောင်မှ မထိဘူး။ မြေပြင်က ဖုန်းဆက်တော့ ချက်ချင်းကို ချွက်ယွင်းချက် မရှိပေါ့နော်။ ဒီကိစ္စက ကျနော်တို့ မူဝါဒ ရှိတယ်။ မူဝါဒအတိုင်းပဲ အရေးယူသင့်ရင် ယူမယ်၊ မယူသင့်ဘူးဆိုရင်လည်း ဆုံးဖြတ်ချက် ချရမှာ အဲဒါကြောင့် လုံးဝမဖြစ်သင့်တဲ့ ကိစ္စဖြစ်လို့ အားလုံးကို ပြန်လွှတ်ပေးခိုင်းထားပါတယ်။ အဲဒီပေါင်မိုးက ကျောင်းသားကျောင်းသူတွေရဲ့ မိဘတွေနဲ့ စကားပြောတယ်။ အဲဒါဟာ အောက်ခြေက မှားသွားပါတယ် ဆိုတဲ့အကြောင်း ကျနော်က တောင်းပန်ထားတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝ ဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။
ယနေ့အချိန်ထိ ပေါင်းမိုရွာက ကျောင်းသားကျောင်းသူ ၂၂ ဦးတွင် ၃ ဦးမှာ ပြန်မလွတ်သေးဘဲ ရှိနေသေးကြောင်း ပလက်ဝ ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ဇူလိုင်လ ၅ ရက်နေ့တွင်လည်း ပလက်ချောင်း ကျေးရွာများဘက်က ကျောင်းသူကျောင်းသား အပါအဝင် ကလေးငယ် ဆယ်ဂဏန်းခန့်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝက ခေါ်ဆောင် သွားသည်ဟု ဒေသခံတချို့က ပြောသည်။
“ပလက်ချောင်းကိစ္စက စုဆောင်းရေးဆိုပြီးမှ ဟောပြောပွဲ လုပ်ပြီးမှ သဘာဆန္ဒအရ လိုက်မယ်ဆိုတဲ့ဟာ လုပ်ပါတယ်။ မြေပြင်က မိဘတွေကလည်း ဖုန်းတကြောင်းမှ မဆက်သေးဘူး။ အဲဒါမှ မြေပြင်က ဟာတွေ ဟုတ်၊ မဟုတ်ဆိုတာ သိမှာပေါ့။ တကယ်တမ်း တပ်ရင်းထဲက ရဲဘော်တွေရဲ့ သတင်းပို့ချက်အရ ပါသွားတဲ့ စုဆောင်းရေး အဖွဲ့တွေရဲ့ မှတ်ချက်အရ သူတို့ရဲ့ သဘောအတိုင်းပဲလာတဲ့ အနေအထားပါ” ဟု ဥက္ကဌဆလိုင်းမျိုးထိုက်က ပြောသည်။
ပလက်ဝမြို့နယ်ထဲက ပေါင်းမိုးနှင့် ပလက်ချောင်းကျေးရွာ ဖြစ်စဉ်များနှင့် ပတ်သက်လို့ ထပ်မံ အတည်ပြုချက် ရရှိရန် ဆက်သွယ်ကြိုးစားနေဆဲ ဖြစ်သည်။
KMG ပေးပို့သည်။