စစ်ကောင်စီတပ်၏ လုံခြုံရေးတင်းကြပ်နေသည့်ကြားက ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်မြို့ရှိ နေရာတချို့တွင် တော်လှန်ရေး လူငယ်အဖွဲ့များက ၆၁ နှစ်မြောက် 7 July နေ့ အထိမ်းအမှတ်အဖြစ် စွန့်စွန့်စားစား ကျင်းပခဲ့ကြသည်ကို တွေ့ရသည်။
ရန်ကုန်မြို့ ဂုံးကျော်တံတားတစ်ခုတွင် ၇ . ၇ . ၆၂ မမေ့ကြနဲ့ ဆိုပြီး အနီရောင်ဆေးနှင့် ရေးထားသည့် စာတမ်းပါ ဗွီနိုင်းတစ်ခုကို Falcon Revolutionaries Team အဖွဲ့က ချိတ်ဆွဲထားသလို စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန် အင်အားစု Anti-Junta Alliance Yangon – AJAY အဖွဲ့ကလည်း လှုပ်ရှားမှု အထိမ်းအမှတ် ပြုလုပ်ခဲ့ကြသည်။
စမ်းချောင်းမြို့နယ်ထဲရှိ ကျောင်းတစ်ခု၏ ရှေ့မျက်နှာစာတွင်လည်း 7 July အထိမ်းအမှတ် လှုပ်ရှားမှုအနေနှင့် ဗွီနိုင်းတစ်ခု ချိတ်ဆွဲနိုင်ခဲ့ကြောင်းလည်း သိရသည်။
လွန်ခဲ့သည့် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြသည့် တက္ကသိုလ်ကျောင်းသားများကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရန်ကုန် တက္ကသိုလ်ဝင်း အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို မိုင်းခွဲဖြိုခွင်း ဖျက်ဆီးခဲ့သည်။

တော်လှန်ရေး လူငယ်အဖွဲ့များရဲ့ လှုပ်ရှားလုပ်ဆောင်မှုနှင့် ပတ်သတ်ပြီး စမ်းချောင်းမြို့နယ်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒု-ဥက္ကဌ ဦးဘိုဘိုဦးက “အင်မတန်မှပဲ လေးစားစရာ ကောင်းပါတယ်၊ သတ္တိလည်း ရှိကြပါတယ်၊ အင်မတန်ကို ကြမ်းတမ်းလွန်းတဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို နည်းမျိုးစုံနဲ့ စစ်ဖက်အုပ်ချုပ်ခွင့် မရှိစေရ ဆိုပြီး တွန်းလှန်ရုန်းကန် နေကြသူတွေကို လေးစားပါတယ်၊ အားလုံး ဘေးကင်း ကြပါစေလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
အဆိုပါ ဓာတ်ပုံများသည် ရန်ကုန်တော်လှန်ရေး လူငယ်အဖွဲ့များက ၇.၇.၆၂ ကို မမေ့ကြဖို့ ပြည်သူအများကို နှိုးဆော်သည့် အနေဖြင့် ဆန္ဒထုတ်ဖော်ပြနေသည့်ပုံများ ဖြစ်ကြောင်း၊ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖြိုခွဲဖျက်ဆီး ခဲ့ပေမယ့် လူငယ်တို့ နိုးကြားကြသည့် သမဂ္ဂ စိတ်ဓာတ်ကိုတော့ ဘယ်အာဏာရှင် အဆက်ဆက်ကမှ ဖြိုခွဲလို့ မရခဲ့သလို နောက်လည်း ရမှာမဟုတ်ပါဆိုပြီး ရန်ကုန်တော်လှန်ရေး လူငယ်အဖွဲ့များက ဆိုထားသည်။
7 July ၊ ၈၈၈၈ လို စစ်အာဏာရှင်ကို တော်လှန်ခဲ့သည့် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်မှာပဲ လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရခဲ့ပြီး စစ်အာဏာရှင် အဆက်ဆက်တွင် လုံးဝ ကျင်းပခွင့်မပြုဘဲ ဖမ်းဆီးမှုများသာ ရှိခဲ့သည်ဟု သိရသည်။
နိရဉ္စရာ ပေးပို့သည်။