KIO ဗဟိုဌာနချုပ်အနီးရှိ နမ်ဆန်ယန်မှာ စစ်ကောင်စီဘက်က စစ်အင်အား အလုံးအရင်းဖြည့်နေ

By MPM 4 ဇူလိုင်, 2023 👁

KIO ဗဟိုဌာနချုပ် အနီးမှာရှိတဲ့ နမ်ဆန်ယန်ကျေးရွာကို ဇူလိုင် ၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဇူလိုင် ၄ ရက် မနက်ပိုင်းမှာလည်း အင်အားအလုံးအရင်း ထပ်ဖြည့်နေလို့ စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေ ရှိလာနိုင်တယ်လို့ KIA နဲ့နီးစပ်သူတွေက ပြောဆိုသည်။

ဇူလိုင် ၄ ရက် မနက် ၆ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်က စစ်ကားအစီးရေ ၁၀ စီးနဲ့ ဗန်းမော်ဘက်ကနေ စစ်အင်အား ထပ်မံဖြည့်တင်းခဲ့ပြီး အဲဒီနေ့ မနက် ၉ နာရီ ဝန်းကျင်မှာ နမ်ဆန်ယန်ချောင်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောသည်။

“မနေ့ညနေက ဗန်းမော်ဘက်က အရပ်ဝတ်နဲ့ ကားတစ်စီး လာပို့ထားခဲ့တယ်။ ဒီမနက်အစောပိုင်းမှာတော့ စစ်ကားအစီး ၁၀ စီး ဗန်းမော်ဘက်ကနေ တက်လာတယ်လို့ သတင်းပို့လာတယ်။ ခုထိတော့ ပစ်လိုက်နားလိုက် ဖြစ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် နမ်ဆန်ယန် ပြည်သူတချို့သည် ဇူလိုင် ၃ ရက်နေ့ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတဲ့အပြင် စစ်တပ်ဘက်က စစ်အင်အား ဖြည့်တင်းတာ စစ်ကြောင်းထိုးတာတွေ ဆက်တိုက် လုပ်ဆောင်လာမယ်ဆိုရင် တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ KIO ဗဟိုဌာနချုပ် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောသည်။

“ရန်သူဆိုတော့ ထိုးစစ်ဆင်တာ ဆက်တိုက် လုပ်လာရင် တိုက်ပွဲတော့ ဖြစ်မှာပါ၊ ဒါပဲ ရှိမှာပါ။ တိုက်ပွဲတော့ ဆက်ဖြစ်လာနိုင်တယ်” လို့ ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် နမ်ဆန်ယန် ကျေးရွာအနီးရှိ ဒွမ်ဘန်ဘွမ်နှင့် ဘန်ဒေါင်လမ်းခွဲမှာ တပ်စွဲနေထိုင်ဖို့ ကြိုးစားနေတာ အကြိမ်ကြိမ် ရှိလာပြီး ပြီးခဲ့တဲ့လ ၁၆ ရက်နေ့ ကနေ သိသိသာသာ စစ်ရေး လှုပ်ရှားလာတာ ဖြစ်တယ်လို့ ဒေသခံများက ပြောသည်။

ယင်းအပြင် နှစ်ဘက် စစ်ရေးတင်းမာမှုကြောင့် မြစ်ကြီးနား- ဗန်းမော်လမ်း ဖြတ်သန်းသွားလာခွင့်ကို စစ်တပ်က တားမြစ်ထားကြောင်း ဒေသခံများက ပြောဆိုသည်။

နမ်ဆန်ယန် စစ်ရှောင်ပြည်သူများသည် ၂၀၁၁ ခုနှစ်က စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော်အကြား တိုက်ပွဲကြောင့် ဆယ်စုနှစ်တစ်စုကြာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် နေရပ်သို့ ပြန်လည်နေထိုင်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

နေရပ်ပြန် နမ်ဆန်ယန် စစ်ရှောင်များ လုံခြုံစွာ နေထိုင်နိုင်ဖို့ လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့စလုံးက ကျေးရွာတွင်း၊ ကျေးရွာပြင်သို့ ဝင်ရောက်တပ်စွဲခြင်း မလုပ်ဖို့ သဘောတူညီထားပေမယ့် စစ်ကောင်စီတပ်က ဒီသဘောတူညီမှုကို ချိုးဖောက်ပြီး စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတာ ဖြစ်တယ်လို့ နေရပ်ပြန် စစ်ရှောင်များက ပြောသည်။

လက်ရှိတွင် နမ်ဆန်ယန်ကျေးရွာ အနီးတစ်ဝိုက် စစ်ရေးတင်းမာနေသည့်အတွက် လိုင်ဇာမြို့တွင် နေထိုင်ကြသည့် အရပ်သားပြည်သူများအနေနဲ့ လုံခြုံရေးကို အလေးနက်ထားပြီး သွားလာကြဖို့နှင့် မလိုအပ်ပါက တိုက်ပွဲ ဖြစ်နေသည့် နေရာတဝိုက် သွားလာခြင်းမပြုဖို့ KIO အစိုးရ လိုင်ဇာခရိုင် အုပ်ချုပ်ရေးဌာနက ဒီကနေ့ ဇူလိုင် ၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ထားသည်။

KNG ပေးပို့သည်။