စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားသည့် ရခိုင်ပါတီများထဲမှ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ (MNDP) ကို ထပ်မံမှတ်ပုံတင်ခွင့် ပြုလိုက်ဖြစ်သဖြင့် ရခိုင်တွင် နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ခွင့်ပြုသည့် ပါတီ ၅ ခု အထိ ရှိလာပြီဖြစ်သည်။
မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီ (MNDP) ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင် ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာ့အလင်း သတင်းစာမှ တဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီဝင် ဦးစံထွန်းက “လောလောဆယ်တော့ ပါတီတွင်းအစည်းအဝေး မလုပ်ရသေးတဲ့အတွက် လုပ်ငန်းစဉ်တွေကတော့ မသေချာသေးဘူး။ အဓိကလုပ်မှာကတော့ မြို တိုင်းရင်းသား အခွင့်အရေးတွေကို ကာကွယ်ဖို့ တောင်းဆိုဖို့ တို့ပဲ ဖြစ်တယ်” ဟု ပြောသည်။
စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရခိုင်က အင်အားကြီးပါတီနှစ်ခု ဖြစ်သည့် ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP) အပါအဝင် နိုင်ငံရေးပါတီ ၆ ခု မှတ်ပုံတင်ခွင့် လျှောက်ထားပြီး လက်ရှိတွင် ANP ပါတီ တစ်ခုသာ မှတ်ပုံတင်ခွင့်ပြုရန် ကျန်တော့သည်။
ပါတီမှတ်ပုံတင်ခြင်းမှာ မိမိတို့လူမျိုးကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ရန် အတွက် ဖြစ်ကြောင်း ရခိုင်နိုင်ငံရေးပါတီများက ပြောဆိုထားကြသည်။
မြို လူမျိုး အမျိုးသမီတစ်ဦးက “ မြို့တိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီအနေနဲ့ မှတ်ပုံတင်ရင်လည်း ကျမတို့ မြို တိုင်းရင်းသားတွေ အတွက် ဘာတိုးတက်မှု၊ ဘာထိရောက်မှုမှ ရှိမယ်မထင်ပါဘူး။ စစ်ကောင်စီကို လက်ခံလို့သာ မှတ်ပုံတင်ကြတာ။ အရင်တုန်းကလည်း ကျမတို့ မြို တိုင်းရင်းသားတွေကို ဘာတိုးတက်မှုရှိအောင် မလုပ်ဖူးဘူး” ဟု ပြောသည်။
တစ်နိုင်ငံလုံးတွင် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၅၀ ရှိပြီး ယင်းအထဲမှ ဧပြီလ ၂၀ ရက် နေ့မှ ဇူလိုင်လ ၃ ရက်နေ့ အထိ နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့် ပြုလိုက်သည့် ပါတီ ၃၀ ခန့် ရှိနေပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည် ကျင်းမည်ဖြစ်ပြီး အနိုင်ရပါတီကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ အာဏာလွှဲအပ်နိုင်ရေး မဖြစ်မနေ ဖော်ဆောင်မည်ဟု စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားထားကြောင့် ဇွန်လ ၁၆ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ သို့သော် မည့်သည့်အချိန်တွင် ရွေးကောက်ပွဲ ကျင်းပမည်ကို ကြေညာထားခြင်း မရှိသေးပေ။
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအပေါ် ပြည်သူစိတ်ဝင်စားမှု နည်းပါးပြီး နိုင်ငံအတွင်း လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကြောင့် ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြေ နည်းကြောင်း နိုင်ငံရေးလေ့လာသူ များက သုံးသပ်ထားကြသည်။
အောင်ထိန် (DMG) ပေးပို့သည်။