မုန်းမြို့တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက် ပစ်ခတ်သဖြင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

0
306
ပုံစာ- ထိခိုက်ဒဏ်ရာ ရရှိသွားသည့် အရပ်သားတစ်ဦး (Photo – KNU)

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အင်အားရာချီရှိ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်စဉ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ဇူလိုင် ၂ ရက် မနက် လေးနာရီခန့်တွင် ရေတွင်းကုန်းကြီးကျေးရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်များသည် ကျေးရွာတွင်ကျန်ရှိနေသော ဒေသခံပြည်သူများအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၄၀ နှစ်နှင့် ၃၁ နှစ် အရွယ်ရှိ ဒေသခံအမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ယနေ့မနက်ပိုင်းက နတ်သံကွင်းရှိ စစ်ကောင်စီတပ်ရင်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်စ ထိမှန်၍ အုန်းပင်စုကျေးရွာနေ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မုန်းမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ယခုလိုပြောသည်။

“နတ်သံကွင်းကနေ မုန်းဘက်က ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းထုနေတာ၊ ဒီနေ့မနက်အထိ တမနက်လုံးပဲ ရေတွင်းကုန်းရွာမှာ တပ်စွဲနေတဲ့တပ်ကလည်း လက်နက်ငယ်တွေနဲ့ လှမ်းလှမ်းပစ်တယ်၊ ရေတွင်းကုန်းက လူတွေလည်း ထပ်ပြေးရတယ်။ အနီးအနားရွာက လူတွေလည်း အကုန်ပြေးရတယ်” ဟု ၎င်းက ပြောသည်။

ယင်းသို့ စစ်ကောင်စီက လက်နက်ကြီး အလုံး ၃၀ ထက် မနည်း ပစ်ခတ်မှုများကြောင့် ရေတွင်းကုန်းကြီးနှင့် ဥသျှစ်ကုန်း ကျေးရွာမှ အရပ်သား နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ပြီး အနီးအနားကျေးရွာများမှ ဒေသခံပြည်သူ ၁၄၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက “လက်ရှိ ကျောက်တံခါးဘက်နဲ့ကျွန်းကြီးဘက်မှာလည်း စစ်တပ်ဘက်က အင်အားဖြည့်နေတယ် ကြားတယ်။ တင့်ကားတွေပါ ပို့လာတယ် ပြောတယ်။ စစ်ကြောင်းတော့ မထိုးကြသေးဘူး။ လက်နက်ကြီးနဲ့ ထုတာကတော့ တစ်ညလုံးပဲ” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ရေတွင်းကုန်းကြီး ကျေးရွာသို့ စစ်ကောင်စီတပ်များ ကနဦး ဝင်ရောက်နေထိုင်မှုကြောင့် ဒေသခံရွာသားများ ရွာလုံးကျွတ် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်းနှင့် ဇွန်လ ၂၄ ရက်ကလည်း စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ ဒေသခံ ၄ ဦး သေဆုံးမှု ဖြစ်ပွားခဲ့သည်။

စစ်အာဏာသိမ်းခံရသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၃ ခုနှစ် မေလအထိ ညောင်လေးပင်ခရိုင်အတွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ ၃၈ ဦး သေဆုံးခဲ့ပြီး၊ ၆၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ၏ မှတ်တမ်းများအရ သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here