ကျိုက်မရောတွင် ရဲစခန်းနှင့် တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး

0
415
ပုံစာ - စစ်ကောင်စီ တပ်ဂိတ်စခန်းရှိသည့် ကျိုက်မရော၊ ချောင်းနှစ်ခွတံတား (Photo – CJ)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ တံတားထိပ်ရှိ စစ်ကောင်စီတပ် ဂိတ်စခန်းနှင့် အနီးရှိ ရဲစခန်းကို ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းက တော်လှန်ရေးအင်အားစုများမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို Saw Dragon Drone Force နှင့် Lion Battalion Commando ဗျုဟာစစ်ကြောင်း၊ တပ်ခွဲ ၄ တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒရုန်းဖြင့် ဗုံး ၃ လုံး ကြဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးရခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက “ဗုံးသီး ၃ လုံး သွားကြဲချတာ နယ်ခြားစောင့်တပ်-BGF ဂိတ်စခန်းနားနဲ့ ထမင်းဆိုင်ရှေ့ကျပြီး ပေါက်ကွဲတယ်၊ စစ်တပ်ဘက်က ဘယ်သူတွေ ထိသလဲတော့ မသိဘူး။ ပေါက်ကွဲမှု ဖြစ်ပြီးတော့ ရာဘာလုံကနေ ပြန်လာတဲ့ ပြည်သူတစ်ယောက်ကို တံတားစောင့်တဲ့ ဂိတ်စခန်းက စစ်သားတစ်ယောက်က သေနတ်နဲ့လှမ်းပစ်လို့ သေသွားတယ်” ဟု ပြောသည်။

တံတားစောင့် စစ်ကောင်စီတပ်သားက ပစ်ခတ်သဖြင့် သေဆုံးသွားသူမှာ အသက် ၃၀ နှစ်အရွယ် ကိုငြိမ်းချမ်းအမည်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အငြိမ်းစား အရာရှိဟောင်းတစ်ဦး၏ သားဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောဆိုသည်။

စစ်ကောင်စီ ဝါဒဖြန့် လူမှုကွန်ရက် စာမျက်နှာများနှင့် ချန်နယ်များတွင် ချောင်းနှစ်ခွ ကျေးရွာအတွင်းသို့ ကေအဲန်ယူ (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိ သေဆုံးသွားသည်ဟု ဖော်ပြသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့ မနက် ၆ နာရီဝန်းကျင်တွင် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီးတွင် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းအတွက် လာရောက်လုံခြုံရေး ယူပေးသည့် ခြေမြန်တပ်ရင်း ခမရ-၂၀၇ မှ တပ်ဖွဲ့ဝင် ၂၅ ဦးခန့်ပါဝင်သော စစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကြောင်း ကေအဲန်ယူ တပ်မဟာ (၁) ၏ တာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မွန်ပြည်နယ်တွင် နှစ်ဖက်ထိတွေ့မှုများ၊ တော်လှန်ရေး အင်အားစုများမှ ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်မှုများ ရက်ဆက်ဆိုသလို ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အသေအပျောက်များကြောင်း တော်လှန်ရေး အင်အားစုများက ပြောသည်။

အလားတူ ဇွန်လ ၃၀ ရက်နေ့က ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအနီးရှိ စစ်ကောင်စီယာဉ်တန်းအား ပူးပေါင်းတပ်များက မိုင်းခွဲ တိုက်ခိုက်ပြီးနောက် လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here