ဇွန်လ ၂၉ ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP) (ကိုးကန့်) တည်ထောင်ခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) တို့က ဂုဏ်ပြုသဝဏ်လွှာ ရေးသားပေးပို့ခဲ့ကြသည်။
အဆိုပါ သဝဏ်လွှာထဲတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ အကြားတွင် ရှိသော ချစ်ခင်မှု၊ စည်းလုံးညီညွတ်မှု၊ အပြန်အလှန် လေးစားမှု၊ ယုံကြည်မှု၊ တန်ဖိုးထားမှုများ ဆက်လက်ခိုင်မြဲသထက် ခိုင်မြဲအောင် ဆောင်ရွက် သွားကြမည်ဟု ဖော်ပြထားသည်။
၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် အဖွဲ့ဝင် ၃၆ ဦးဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (Myanmar National Truth and Justice Party- MNTJP) သည် ၁၀ နှစ်တာ ကာလကို အခက်အခဲ အတားအဆီး အမျိုးမျိုးကြားမှ ကျော်ဖြတ်နိုင်အောင် ပဲ့ကိုင်ဦးဆောင် ခဲ့ကြသော ကိုးကန့်ခေါင်းဆောင်ကြီး ဦးဖုန်ကြားရှင်နှင့်တကွ မျိုးဆက်အလိုက် ခေါင်းဆောင်များ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။
၎င်းအပြင် MNTJP ပါတီမှ ညီနောင်မဟာမိတ်နှစ်ဖွဲ့အပေါ် ရှိခဲ့ဖူးသော တော်လှန်ရေး ကျေးဇူးတရားများကို အမြဲအမှတ်ရစေပြီး မိမိတို့ လူမျိုးများနှင့် မိမိတို့ အဖွဲ့အစည်းမှ အမြဲတမ်း ကျေးဇူးတင်ရှိနေမည် ဖြစ်ကြောင်းနှင့် ညီနောင်မဟာမိတ် ပီသစွာဖြင့် စစ်ရေးနိုင်ငံရေး မဟာမိတ်ရေးရာ ကဏ္ဍများတွင် ယခင်နည်းတူ ဆက်လက် ခိုင်မြဲသည်ထက် ခိုင်မြဲအောင် ဆောင်ရွက်သွားကြမည်ဟု ရေးသားဖော်ပြထားသည်။
MNTJP ပါတီ၏ နိုင်ငံရေး ရည်မှန်းချက်များ အချိန်တိုတိုအတွင်း အမြန်ဆုံး ပြည့်ဝနိုင်ပါစေကြောင်း၊ MNTJP ပါတီနှင့် ကိုးကန့်လူမျိုးများ မျှော်လင့်နေသော အိပ်မက်များ အမြန်ဆုံးပြည့်ဝပါစေကြောင်း မိမိတို့ ညီနောင်မဟာမိတ်နှစ်ဖွဲ့ဖြစ်သော PSLF/TNLA နှင့် ULA/AA တို့က ဆုမွန်ကောင်း တောင်းပေးပါကြောင်း ဖော်ပြပါရှိသည်။
နိရဉ္စရာ ပေးပို့သည်။