စစ်ကောင်စီက ပလက်ဝတွင် ကန့်သတ်ပိတ်မှုများဆက်လက်ထားရှိလို့ ကုန်ဈေးနှုန်းမြင့်တက်နေဆဲဟုဆို

0
242
ပုံစာ - ကုလားတန်မြစ်ကြောင်းအတွင်းသွားလာနေသည့် စစ်ကောင်စီဇက်ရေယာဉ်တစ်စီး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် နယ်မြေဒေသအခြေအနေ တည်ငြိမ်နေပြီဖြစ်သော်လည်း စစ်ကောင်စီက ဒေသခံပြည်သူများ၏ ခရီးသွားလာခွင့်နှင့် ကုန်ပစ္စည်းများ သယ်ယူခွင့်ကို ကန့်သတ်ပိတ်ပင်မြဲ ရှိနေသည့်အတွက် ကုန်ဈေးနှုန်းများ မြင့်တက်မြဲမြင့်တက်နေပြီး အခက်ကြုံနေရသည်ဟု ပလက်ဝမြို့ခံများက ပြောသည်။

ယခုကဲ့သို့ ဈေးနှုန်းများ မြင့်တက်နေခြင်းမှာ တဘက်တွင်လည်း ကျောက်တော်မြို့မှ ကုန်ပစ္စည်းများကို စျေးကြီးပေး၍ ဝယ်လာရသည့် အပြင် လမ်းခရီးတလျှောက်ရှိ စစ်တပ် စစ်ဆေးရေး ဂိတ်များတွင်လည်း ပစ္စည်းအမျိုးအစားအလိုက် ငွေကြေးပေးဆောင်ရခြင်းများ ရှိသည်ဟု မြို့ခံများက ပြောသည်။

“ခရီးသွားလာမယ်ဆိုရင် သူတို့ဆီက ထောက်ခံစာလိုတယ်။ ထောက်ခံစာမရရင် သွားလာခွင့်မပြုဘူး။ ကုန်ပစ္စည်းတွေဆိုလည်း ဟိုပစ္စည်းမသယ်ရဘူး ဒီပစ္စည်းမသယ်ရဘူး ကန့်သတ်ထားတယ်။ သယ်ရတဲ့ ပစ္စည်းတွေကျတော့လည်း ကုန်ပစ္စည်းအနည်းအများပေါ် မူတည်ပြီး စစ်တပ်ဂိတ်တွေကို ငွေပေးရတယ်။ ဒီလို ပြည်သူတွေ အခက်အခဲဖြစ်ပြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ စစ်တပ်က ဒီလိုမျိုး လုပ်နေတာကတော့ ကိုယ့်ပြည်သူကို ကိုယ်နှိပ်စက်တာနဲ့ အတူတူဘဲ။ ချင်းပဲ ဖြစ်ဖြစ်၊ ရခိုင်ပဲ ဖြစ်ဖြစ်၊ ခူမီးပဲ ဖြစ်ဖြစ် အားလုံး ဒီနိုင်ငံသားတွေပဲလေ။ ခုလို လုပ်ရပ်တွေကြောင့် လူထုက ကျွန်တော်တို့ ဒေသမှာ အထူးဒုက္ခရောက် နေကြရတယ်လေ” ဟု ပလက်ဝ ဒေသခံတစ်ဦးက ပြောဆိုသည်။

ယင်းအပြင် ဆေးဝါးနှင့် သံထည်ပစ္စည်းများ သယ်ယူခွင့်ကိုလည်း စစ်ကောင်စီက လုံးဝ ပိတ်ပင်ထားဆဲဖြစ်သည်ဟု ပလက်ဝဒေသခံများက ပြောသည်။

လက်ရှိတွင် ပလက်ဝမြို့ပေါ်၌ ပေါ်ဆန်းမွှေးတစ်အိတ် ၁၃၅,၀၀၀ ကျပ်အထိ စျေးမြင့်တက်နေပြီး သာမန် ဆန်ကြမ်းတစ်အိတ်မှာ ၈၅,၀၀၀ အထိ စျေးရှိနေသည်ဟု ပလက်ဝမြို့ခံတစ်ဦးက အခုလိုပြောသည်။

“ပေါ်ဆန်းမွေးက ကျပ် ၁၃၅၀၀၀ ခန့် ရှိတယ်။ ရိုးရိုး ဆန်ကြမ်းတွေကတော့ ၈၀၀၀၀ ကနေ ၈၅၀၀၀ အကြားမှာရှိတယ်။ ငရုပ်အစိမ်းကတော့ အစိတ်သား (၂၅၀ ဂရမ်) ကို ကျပ် ၁၅၀၀ ဆိုတော့ တစ်ပိဿ ၆၀၀၀ ဖြစ်သွားပြီပေါ့၊ တခြားပစ္စည်းတွေကလည်း အားလုံး တက်နေတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိကာလသည် မိုးရာသီဖြစ်သဖြင့် ပလက်ဝမြို့သို့ ကုန်ပစ္စည်းများ တင်သွင်းမှုကို ရခိုင်ပြည်နယ် ကျောက်တော်မြို့ တစ်ခုတည်းကသာ အဓိကထား တင်သွင်းရပြီး ကုလားတန်မြစ်ကြောင်းတလျှောက် စစ်ကောင်စီတပ်က ကန့်သတ်ပိတ်ထားဆဲ ဖြစ်သည်ဟု ပလက်ဝဒေသခံများက ပြောသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီပိုင် ဇက်ရေယာဉ်ဖြင့် ကုလားတန်မြစ်ကြောင်းအတိုင်း ကျောက်တော် – ပလက်ဝ အကြား တပတ်လျှင် စနေနှင့် အင်္ဂါ ၂ ရက်သာ ပြေးဆွဲနေကြောင်းနှင့် ရေယာဉ်၌ ပစ္စည်းတင်ဆောင်ခွင့်ကိုလည်း စစ်ကောင်စီက ကန့်သတ်ခွင့်ပြုသည့် အတိုင်းသာ တင်ဆောင်ရသည်ဟု ၎င်းတို့က ဆက်ပြောသည်။

ယခုနှစ်စပိုင်းတွင် သာမန်ဆန်တစ်အိတ်လျှင် ၈၀၀၀၀ ခန့်နှင့် စားအုန်းဆီ တစ်လီတာကို ၁၅၀၀ ကျပ်ခန့်သာရှိခဲ့သော်လည်း ယခုအခါ ဆန်တစ်အိတ် တစ်သိန်းနီးပါး ရှိနေပြီး စားအုန်းဆီ တစ်လီတာကို ၈၀၀၀ ကျပ်၊ ဓါတ်ဆီ တစ်လီတာ ၁၄၀၀၀ အထိ ရှိနေပြီး ကုန်စျေးနှုန်းမှာ မြင့်တက်မြဲ မြင့်တက်နေသည်ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။

“အခုက ကျောက်တော်က ဝယ်ကတည်းက ဈေးမြင့်ပြီး ဒီမှာကလည်း လမ်းစရိတ်တွေ ပေါင်းပြီး ဈေးတင် လိုက်ကြတာပေါ့။ လူတွေကတော့ ဒီတိုင်းရုန်းကန်နေကြရတယ်။ ဘာလုပ်ပြီး ထမင်းနပ်မှန်အောင် စားရမယ် ဆိုတာ စဉ်းစားမရ ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၉ ခုနှစ်က ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများ သွားလာခွင့်နှင့် ကုန်ပစ္စည်း သယ်ယူခွင့်များကို စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး ယခုအချိန်အထိလည်း ပိတ်ပင်ထားဆဲ ဖြစ်သည့်အပြင် အင်တာနက် ဆက်သွယ်မှုများကိုလည်း ပိတ်ပင်ထားဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here