ဗန်းမောက်မြို့တွင် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးတချို့ ပြတ်လပ်လာ

0
281
ပုံစာ - ဗန်းမောက်မြို့ပြည်သူ့ဆေးရုံ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်နှင့် အင်းတော်မြို့နယ်ချင်းဆက်လမ်းပိုင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ပင်ထားမှု လနှင့်ချီ ကြာမြင့်လာခဲ့ပြီး အခြေခံစားသောက်ကုန်နှင့် ဆေးဝါးတချို့ ပြတ်လပ်မှုများဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောဆိုသည်။

အခြေခံစားသောက်ကုန် ဖြစ်သည့် ဆန်၊ ဆီ၊ ဆားအပါအဝင် လက်ဖက်ရည်ဖျော်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းများလည်း ပြတ်လပ်နေပြီး အင်းတော်မြို့နယ်ကို မိသားစုတနိုင်စာ သွားရောက်ဝယ်ယူနေရတယ်လို့ မြို့ခံတစ်ဦးက အခုလိုပြောသည်။

“အခု လက်ဖက်ရည်အချိုခြောက်ဟာ အရင်က ၉၅၀၀ အခုက တစ်သောင်းရှစ်ထောင်၊ ကယ်ရီခက ၅ ထောင် အဲ့လိုတွေဖြစ်နေပြီ။ လမ်းတွေက သယ်လို့ မရဘူးဟေ့၊ ပစ္စည်းပစ္စရတွေ သယ်ခဲ့တဲ့ သူတွေကိုလည်း ဖမ်းတော့ မသယ်ရဲကြဘူး” ဟု ၎င်းက ဆိုသည်။

ဆေးဝါးများလည်း အခြေခံဆေးဝါး ခေါင်းကိုက်ပျောက်ဆေးမှအစ ဆေးရုံသုံး ဆေးပစ္စည်း၊ ဆေးရုံသုံး ဆေးဝါးများပါ ပြတ်လပ်ပြီး မြို့နယ်ဆေးရုံ၌ ကုသဖို့ရန်အတွက် အင်းတော်၊ ကသာ စသည့် မြို့နယ်တွေမှာ ကိုယ်တိုင်သွားဝယ်ပြီး ကုသနေကြရခြင်းကြောင်း မြို့ခံများက ပြောသည်။

လက်ရှိတွင် ဗန်းမောက်မြို့နယ်အတွင်း ဆေးဝါးပြတ်လပ်၍ အချိန်မှီ ဆေးမရရှိခြင်းကြောင့် တချို့ ဆုံးပါးမှုတချို့လည်းရှိနေတယ်လို့ ဆေးရုံနှင့် နီးစပ်သူများထံက သိရသည်။

“ဟုတ်တယ် ဆေးတွေကတော့ပြတ်ပါတယ်။ သူတို့ကလည်း ကျွန်တော်ကိုပြောတယ် ဆေးတွေ ပြတ်တယ်ဆိုတာကို အဓိကတော့ သူတို့တွေတင်လို့ မရဘူးလေ။ ဆေးမှမဟုတ်ပါဘူး ကျန်တဲ့ ပစ္စည်းတွေလည်း မရဘူး။ အခုက ရှိတဲ့ဟာလေးနဲ့ပဲ စားနေကြတာပေါ့အေ။ ဆီဆမ်းဆားဖြူးပါအေ့” လို့ ဆေးဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း ကုန်ပစ္စည်းတင်သည့် ကုန်သည်တချို့ရဲ့ ပစ္စည်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းထားမှုတွေလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နှင့် ဗန်းမောက်မြို့ချင်းဆက်လမ်းပိုင်းမှာ ဒေသကာကွယ်ရေးတပ်တွေက ကုန်စည်သယ်ဆောင်ရေးအတွက် ပိတ်ပင်ထားပြီး မိသားစုတစ်နိုင်စာကိုသာ ခွင့်ပြုပေးနေတာဖြစ်တယ်လို့ ဒေသခံများက ပြောဆိုသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here