ဖောင်းပြင်-ဟုမ္မလင်း လမ်းပိုင်းပိတ်နေလို့ ဟုမ္မလင်းမြို့အတွင်း စက်သုံးဆီ ပြတ်လတ်မှုဖြစ်

0
337
Photo – ShanNi Voice

စစ်ကိုင်းတိုင်းအထက်ပိုင်း ဖောင်းပြင်-ဟုမ္မလင်း လမ်းပိုင်းပေါ်မှာ ကုန်တင်ကားများ ရာချီပိတ်မိနေတာကြောင့် မြို့နယ်အတွင်း စက်သုံးဆီဆိုင်တချို့ ပိတ်ထားရပြီး စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဟုမ္မလင်း ဒေသခံများက ပြောဆိုသည်။

ဇွန်လ ၂၈ ရက်မှာ ဖောင်းပြင် – ဟုမ္မလင်း လမ်းပိုင်းမှာ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး လမ်းပိတ်ထားသည့်အတွက် စက်သုံးဆီဆိုင်တွေ ပစ္စည်းပြတ်လပ်တာ ဖြစ်တယ်လို့ ဟုမ္မလင်းဒေသခံများက ပြောဆိုသည်။

ဟုမ္မလင်း ဒေသခံတစ်ဦးက “ကားတွေ ရာဂဏန်းလောက် ပိတ်နေတယ် ကြားတယ်။ အခု ဒီမှာ ပစ္စည်းတွေ မရောက်ဘဲနဲ့ တစ်ချို့ဆီဆိုင်တွေတောင် ဆီတွေပြတ်လို့ ဟိုမှာကောက်(ပန့်ဆိုင်) တွေတောင် ပိတ်ထားတယ်ကော၊ အားလုံးတော့ မဟုတ်ဘူးပေါ့လေနော့။ သူတို့ဆီပြတ်တဲ့ ဆိုင်တွေတော့ ပိတ်ထားတယ်” ဟု ပြောသည်။

ဟုမ္မလင်းမြို့နယ်အတွင်း လိုအပ်သည့် စက်သုံးဆီများကို မုံရွာနှင့် မန္တလေးမြို့နယ်မှ ကုန်းလမ်း၊ ရေလမ်းများဖြင့် သယ်ယူနေရပြီး လက်ရှိမှာ လမ်းခရီး အခြေအနေပေါ်မူတည်ပြီး အသုံးပြုနေရကြောင်း မြို့ခံကုန်သည်တစ်ဦးက ပြောသည်။

ဖောင်းပြင်နှင့် ဟုမ္မလင်း လမ်းပိုင်း ပိတ်ထားသည့် နေရာကို အတိအကျ မသိရသေးသလို ဆက်သွယ်ဖို့ အတွက်လည်း ဖုန်းလိုင်းများ ပြတ်တောက်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

ဖောင်းပြင် – ဟုမ္မလင်းလမ်းပိုင်း မဟာဗျူဟာ ကားလမ်းအနီးရှိ ကျေးရွာများနှင့် ချင်းတွင်းမြစ် အနောက်ခြမ်းကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ဇွန်လ ၂၈ ရက်တွင် လေကြောင်းတိုက်ခိုက်မှုများလည်း ရှိနေတယ်လို့ ယင်းဒေသတွင်းက စုံစမ်းသိရသည်။

ထိုအခြေအနေများကြောင့် စက်သုံးဆီ မပြတ်ရေးအတွက် သယ်ယူနိုင်ရေးနှင့်ပတ်သတ်ပြီး ကုန်သည်တစ်ဦးက “ဘယ်လမ်းကြောင်းရမလဲမောင် ရေလမ်းပေါက်ရင် ရေလမ်းသွားတာပါ့။ ကုန်းလမ်းပေါက်ရင် ကုန်းလမ်းသွား၊ ရေလမ်းနဲ့ ကုန်းလမ်း အဆင်ပြေတဲ့ဆီ သွားရတာပါ့” ဟု ပြောဆိုသည်။

ဟုမ္မလင်းမြို့နယ်အတွင်း စက်သုံးဆီ အသုံးပြုမှုများပြားပြီး နေ့စဉ်ဓာတ်ဆီအမျိုးမျိုး ဂါလံထောင်နှင့်ချီ အသုံးပြုနေပြီး ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here