အိန္ဒိယ၊ အင်ဖာအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည့် ရှမ်းနီလူငယ် ပြန်လွတ်မြောက်ရေးနီးစပ်လာ

0
257
ပုံစာ - အိန္ဒိယနယ်စပ်ဘက်အခြမ်းရှိ အချုပ်ခန်းတခု

အိန္ဒိယနိုင်ငံသို့ နယ်စပ်မှ တရားမဝင် သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရပြီး အင်ဖာအကျဉ်းထောင်တွင် ထောင်ဒဏ် ၅ နှစ် ထိန်းသိမ်းခံထားရသည့် ရှမ်းနီလူငယ်ကိုဇော်ဇော် ပြန်လည်လွှတ်မြောက်လာရေးသည် နီးစပ်လာပြီဖြစ်ကြောင်း ၎င်းလွတ်မြောက်ရေးအတွက် ကူညီပေးနေသူက ပြောသည်။

“အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို ပြန်ပို့ပေးမယ့် လူစာရင်းတွေ သံရုံးကို ပို့ပါတယ်။ ကိုဇော်ဇော်အမည် ပါပါတယ်။ နယ်မြေလဝကတွေကို မြန်မာနိုင်ငံသား ဟုတ်မဟုတ် စီစစ်ဖို့ ပို့ရဦးမယ်။ အခု မြန်မာနိုင်ငံခြားရေး ဌာနကို အချက်အလက်တွေ အီးမေးနဲ့ ပို့လိုက်ပြီလို့ သိရပါတယ်” ဟု ကိုဇော်ဇော် ပြန်လွတ်ရေးအတွက် အိန္ဒိယနိုင်ငံဘက်အခြမ်းတွင် ရောက်ရှိဆောင်ရွက်ပေးနေသည့် မမြကြေးမုံက ပြောသည်။

ကိုဇော်ဇော်သည် ဟုမ္မလင်းမြို့နယ် သောင်သွပ်ကျေးရွာ ဇာတိဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ နယ်စပ်မှ တရားမဝင် သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရပြီး အင်ဖာအကျဉ်းထောင်တွင် ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ် သြဂုတ်လတွင် ထောင်ဒဏ် ၅ နှစ် ပြည့်၍ (စာရွက်ပေါ်တွင်) ထောင်ဒဏ်မှ လွတ်မြောက်ပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံသား အဖြစ် အထောက်အထား ပြနိုင်ခြင်းမရှိရာ မြန်မာသံရုံးထံ ဆက်သွယ် သော်လည်း အကြောင်းမပြန်သဖြင့် နိုင်ငံသားဖြစ်‌ကြောင်း အတည်ပြုပေးမည့် ဆွေမျိုးမရှိ ဟူသည့် အကြောင်းပြချက်များဖြင့် ယနေ့အထိ ထောင်မှမထွက်ရဘဲ “ ထိန်းသိမ်း” အဖြစ် ထောင်ထဲတွင် အကြောင်းမဲ့ ဆက်လက် အကျဉ်းခံ‌နေရခြင်းဖြစ်ကြောင်း လိုက်ပါကူညီသူများက ပြောသည်။

အိန္ဒိယ၊ အင်ဖာအကျဉ်းထောင်တွင် ကိုဇော်ဇော်ကဲ့သို့ ရက်လွန်ချုပ်နှောင်ခံထားရသည့် အထောက်အထားမဲ့ အခြားမြန်မာနိုင်ငံသား တော်တော်များများလည်း ရှိနေသေးကြောင်း ကိုဇော်ဇော် လွတ်မြောက်ရေးအတွက် ကူညီပေးနေသူများထံက သိရသည်။

အင်ဖာအကျဉ်းထောင်ထဲရှိ ကိုဇော်ဇော်၏ အခြေအနေကို အိန္ဒိယသို့ ရောက်ရှိနေသည့် မမြကြေးမုံက သိရှိပြီးနောက် ကာယကံရှင် ကိုဇော်ဇော်၏ ခွင့်ပြုချက်ဖြင့် ကျန်ရှိနေသော ၎င်း၏မိသားစုများနှင့် ဆက်သွယ်ကာ လွှတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

ကိုဇော်ဇော်တွင် မိဘနှစ်ပါးလုံး မရှိတော့ပဲ ညီအစ်ကိုမောင်နှမသာ ရှိနေသေးကြောင်းနှင့် ၎င်းကို တမူး မိုရေးလမ်းမှတဆင့် ဆွေမျိုးများထံ ပြန်လည်လွှဲအပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here