ထားဝယ်၊ ကလိန်အောင်မြို့ ထွေအုပ်ရုံး ပစ်ခတ်တိုက်ခိုက်ခံရ

0
296

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု မြို့ခံများက ပြောသည်။

ကလိန်အောင်မြို့ အမှတ် ၃ ရပ်ကွက်နေ အမျိုးသားတစ်ဦးက “ညက သေနတ်သံတွေရော တဂျိမ်းဂျိမ်းနဲ့ လက်နက်ကြီးသံတွေပါ ဆူညံနေတာ။ ည ၁ နာရီလောက်အထိ စစ်တပ်ဘက်ကလည်း အတွဲလိုက်ကို ပြန်ပစ်နေတာ။ ရုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တာကိုတော့ မနက်မိုးလင်းကြမှ သိတယ်” ဟု ပြောသည်။

ဇွန်လ ၂၁ ရက် ည ၁၁ နာရီခွဲခန့်က အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကွယ်ရေးတပ်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထွေအုပ်ရုံး ပစ်ခတ်တိုက်ခံရပြီး နောက်တစ်ရက်တွင် ရုံးဝင်းအနီးနေထိုင်သည့် တွေအုပ်ဦးစီးမှူး ဦးအောင်နိုင်နှင့် ဇနီးဖြစ်သူတို့ စစ်တပ်ထဲသို့ ပြောင်းရွှေ့သွားကြပြီး ရုံးကိုလည်း ပိတ်ထားသည်ဟု မြို့ခံများက ပြောသည်။

မီးရှို့ဖျက်ဆီးခံရမှုကြောင့် ရုံးခန်းအတွင်းပိုင်း နံရံများနှင့် စာရွက်စာတမ်းများ မီးလောင်ပျက်စီးနေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ကလိန်အောင်မြို့ခံများက ပြောသည်။

ရေး-ထားဝယ် ကားလမ်းမပေါ်တွင်လည်း ကျည်ဆန်အခွံများတွေ့ရပြီး အခင်းဖြစ်ပွားပြီးနောက် ဇွန်လ ၂၄ ရက်နေ့အထိ အဆိုပါလမ်းပေါ်တွင် လူအသွားအလာမရှိကြောင်း ဒေသခံများက ပြောသည်။

သို့သော် ကလိန်အောင်မြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို ထုတ်ပြန်ချင်းမရှိသေး၍ မသိရသေးပါ။

ထိုသို့ ပစ်ခတ်မှုဖြစ်ပြီးနောက် ဇွန်လ ၂၂ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ကလိန်အောင် အထွေထွေအုပ်ချုပ်ရေးရုံးကို လာရောက်စစ်ဆေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

တိုက်ပွဲအတွင်း ကလိန်အောင် တံတားထိပ် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်မှ သေနတ်များဖြင့် လှမ်းပစ်ခဲ့ပြီး ခမရ – ၄၀၉ တပ်ရင်းအတွင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်က ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သည်။

အဆိုပါ အမျိုးသားသည် ကလိန်အောင်ဆံတော်ရှင်စေတီ တောင်တက်လမ်းအနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်သည်။

ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူများအား အမျိုးမျိုးစွပ်စွဲ၍ ဖမ်းဆီးခြင်းများ လုပ်နေသည့်အပြင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အမည်မသိ လက်နက်ကိုင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကြောင်းများ၊ ယာဉ်တန်းများအပြင် စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာ ရုံးအသီးသီးကို မိုင်းဆွဲတိုက်ခိုက်မှုများ၊ ခြုံခိုတိုက်ခိုက်မှုများ၊ ပစ်ခတ်မှုများကို ပြုလုပ်ကြောင်း သိရှိသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here