ထီးလင်းတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် သံဃာ ၁ ပါး အပါအဝင် ၇ ဦး ဒဏ်ရာရ

0
359
ပုံစာ - ထီးလင်းမြို့နယ် အကြည်ဘန်ရွာကို စစ်တပ်မီးရှို့ထားသည့်မြင်ကွင်း (Photo- CJ)

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ကို စစ်ကောင်စီ ကျောက်ထုအမြောက်တပ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကြောင့် သံဃာ ၁ ပါး အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက် ညနေပိုင်းက ကျောက်ထုအမြောက်တပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ဟာ ရွာသာကျေးရွာ ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောသည်။

“ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ စစ်ဘေးရှောင် ပြည်သူတွေနဲ့ ဘုန်းတော်ကြီး၊ကိုရင်တွေကို ထိတာ။ သေဆုံးတာမျိုးတော့ မကြားသေးဘူး။ တစ်ယောက်ကတော့ ဒဏ်ရာ စိုးရိမ်ရတယ် ပြောတယ်” ၎င်းက ဆိုသည်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ရွာသာကျေးရွာ ကျောင်းထိုင်ဆရာတော်၊ ကိုရင်ကြီးတစ်ပါး၊ အညာကျေးရွာက ပြည်သူ ၄ ဦးနှင့် အကြည်ရွာက ပြည်သူ ၁ ဦး စုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကူညီပေးသူများက ပြောသည်။

ထီးလင်းမြို့နယ်ကို စစ်ကောင်စီနှင့် ပျူစောထီးတို့ ပူးပေါင်းပြီး စစ်ကြောင်းထိုးနေသည့်အတွက် ဇွန်လ ၂၁ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူ ၅ ဦး ထက် မနည်း ရှိခဲ့တဲ့အတွက် အခုလို ပြည်သူများ နေထိုင်သည့် ကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်တာ ဖြစ်တယ်လို့ ဒေသခံရွာသားများက ပြောသည်။

ဒါ့အပြင် စစ်ကောင်စီ ယာဉ်တန်း ၉ စီး ဟာ ပေါက်မြို့နယ်က တဆင့် ထီးလင်းမြို့နယ် အညာရွာနဲ့ အကြည်ရွာကြား ရောက်ရှိနေသည့် အတွက် ကျောက်ထု – မင်းတပ် ကားလမ်းကို ပြည်သူများ အသုံးမပြုကြရန် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတိပေးထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့သည် ခုခံတော်လှန်စစ် အားကောင်းသည့် ဒေသတွေဖြစ်သည့်အတွက် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးခံနေရသည့် နေရာတွေဖြစ်တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူများက ပြောသည်။

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေကြောင့် ပြည်သူ ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ဖော်ပြထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here