ကန့်ဘလူတွင် မြွေဆိုးကိုက်ခံရသူ ၈၀ ဦး နှင့် သေဆုံးသူ ၆ ဦးတွင် စစ်ရှောင်များ အများစုပါဝင်

0
358
ပုံစာ- စစ်ဘေးရှောင်များ ရိုက်သတ်ဖမ်းမိခဲ့သည့် မြွေဆိုးများ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် မြွေဆိုးကိုက်ခံရသူ ၈၀ ဦး ရှိပြီး သေဆုံးသူ ၆ ဦး အထိ ရှိရာတွင် စစ်ရှောင်များ အများစု ပါဝင်နေတာကြောင့် မြွေဆိပ်ဖြေဆေးများ လိုအပ်နေသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကန့်ဘလူခရိုင်အတွင်း မြွေကိုက်ခံရသည့် စစ်ဘေးရှောင်ပြည်သူများထဲတွင် အသက် ၈ နှစ် မှ အသက် ၆၁ နှစ် အထိ ပါဝင်နေပြီး ယခု ဇွန်လဆန်း ရက်သတ္တပတ် နှစ်ပတ်အတွင်း ၁ ရက်လျှင် ၁ ဦး နှုန်းဖြင့် ကိုက်ခံနေရသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူ က ပြောသည်။

ထိုဒေသတွင် မြေပွေးနှင့် မြွေဟောက် အပေါများဆုံးဖြစ်ပြီး မြွေကိုက်ခံရသူ လူနာများအတွက် ကျွမ်းကျင် ဆရာဝန်နှင့် ဆေးဝါးများ အဓိက လိုအပ်နေသည်ဟု အဆိုပါ တာဝန်ရှိသူက အခုလို ပြောသည်။

“တကယ်တမ်းတော့ ပွင့်ပွင့်လင်းလင်း ပြောကြကြေးဆို ဆရာဝန် မရှိဘူးပေါ့။ ဒီ CDM ကျန်းမာရေးဝန်ထမ်း တွေတော့ ရှိတယ်။ ဒါတွေကလည်း ဒီမြွေကိုက်လူနာကို ကုပေးတာမျိုးတွေ မရှိဘူး။ တကယ့်ကျွမ်းကျင် ဆရာဝန် မရှိဘဲနဲ့ ကျနော်တို့ ဘယ်လိုခေါ်မလဲ အရပ်ဆရာဝန် ခေါ်ရမလား အဲ့လို ပုံစံမျိုးနဲ့ပဲ ကုပေးနေရတယ်” ဟု ၎င်း က ပြောသည်။

ကန့်ဘလူခရိုင်တွင် ဇွန်လ ၁၈ ရက် က အသက် ၄၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဇွန်လ ၁၉ ရက်တွင် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးတို့ အပါအဝင် ဇွန်လ ၂၀ ရက်တွင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သုံးရက်ဆက်တိုက် မြွေဆိုးကိုက်ခံခဲ့ရကြောင်း အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

“ကျနော် သိသလောက်တော့ မြွေဆိုးကိုက်ခံရတဲ့ လူနာက မီဒီယာနဲ့ မချိတ်ဆက်မိလို့လား ဘာလား တိတိကျကျ မပြောနိုင်ဘူး။ ဒါပေမယ့် ကန့်ဘလူ ခရိုင်ထဲမှာပေါ့ မြွေဆိုးကိုက်ခံရတဲ့ဟာက တော်တော်ကို များနေတယ်။ စစ်ကိုင်းတိုင်းထဲမှာဆိုလည်း ကန့်ဘလူခရိုင်က လွဲပြီး သိပ်မတွေ့ရသလောက်ပဲ။ မြွေဆိုးကိုက်လူနာက ကန့်ဘလူ ခရိုင်ထဲမှာပဲ ဖြစ်နေတယ်လို့ သိနေရတယ်။ ဘယ်နယ်ကမှ ဒီလောက် ဆိုးဆိုးရွားရွား တက်လာတာ မရှိဘူး” ဟု ၎င်းက ပြောသည်။

ကန့်ဘလူခရိုင်ရှိ ကိုးထောင်ဘို့၊ ချပ်သင်း၊ ပင့်သာတိုက်နယ် စသည့် ကျေးရွာများရှိ ဒေသခံ ပြည်သူများသည် စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့တို့က ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုကြောင့် တောထဲတွင် စစ်ရှောင် နေကြရပြီး မေလအတွင်း စစ်ရှောင်သူ ၅ သောင်း အထိ ရှိလာကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ထားသည်။

ဒေသခံများ မြွေကိုက်ခံရနှုန်း ပိုတိုးလာ၍ BPI မြွေဆိပ်ဖြေ ဆေးဝါးများ လိုအပ်နေကြောင်းနှင့် မြွေကိုက်ခံရပါက လူနာ တစ်ဦးလျှင် BPI မြွေဆိပ်ဖြေဆေးဝါး လေးလုံးအထိ ထိုးပေးနေရကြောင်း ကျွန်းလှ-ကန့်ဘလူ ဒေသအတွင်း စစ်ရှောင်များကို ကူညီပေးနေသူက ပြောဆိုသည်။

“ ဒီတိုက်နယ်တွေက မြွေဆိုးအကိုက်ခံရတာ များလာခါကျတော့ ပြည်သူကနေပြည်သူချင်း ကူညီပေးကြဖို့လေ၊ တပူပေါ်တပူဆင့် ဆိုတော့ ဒီကိစ္စလေးကို ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ NUG အောက်က ကျန်းမာရေး ကနေ ပေးတဲ့ ဆေးခွဲတန်းတွေ ဘာတွေရမယ်လို့ မျှော်လင့်တာပေါ့လေ။ အရင်လတွေတော့ ရတယ်လို့ သိထားတယ်။ ဒီနောက်ပိုင်း ရမရဆိုတာတော့ ချိတ်ဆက်ပြီး မေးကြည့်မှသိမယ်” ဟု ၎င်းက ပြောသည်။
မြေကိုက်ခံရသူများထဲတွင် မေလအတွင်းက ကျွန်းလှ၊ ကန့်ဘလူခရိုင်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့၏ မီးရှို့ ဖျက်ဆီးမှုကြောင့် ဘေးလွတ်ရာ တောထဲကို ထွက်ပြေးတိမ်းရှောင် နေကြရသည့် စစ်ရှောင်ပြည်သူ အများစု ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ကျွန်းလှ – ကန့်ဘလူ ဒေသအတွင်းရှိ ပြည်သူများသည် စစ်ကောင်စီတပ်၏ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ် ဖမ်းဆီးနှိပ်စက်မှုများ၊ ကျေးရွာများ မီးရှို့ခံရမှုများအပြင် လက်ရှိတွင် မမြင်ရသည့် မြွေဆိုးဘေးအန္တရာယ်ကိုပါ ရင်ဆိုင်ကြုံနေရကြောင်း ပြောဆိုကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here