ရေးတောင်ပိုင်း ခေါဇာတွင် စစ်ကောင်စီ လက်နက်ကြီးကျည် ထိပြီး အမျိုးသမီး ၁ ဦးသေဆုံး

0
297
ပုံစာ - လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့ ဒေသခံနေအိမ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ခေါဇာမြို့နယ်ခွဲ ကျောက်အိုင်းကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၆ ရက် ညနေ ၃ နာရီကျော်ခန့်က ခေါဇာအခြေစိုက် စစ်ကောင်စီ ခလရ ၃၁ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျောက်အိုင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ နှစ်ရှိ မိထွေးကြည်ဆိုသည့် အမျိုးသမီး သေဆုံးခဲ့ကြောင်း ခေါဇာဒေသခံတစ်ဦးက အခုလို ပြောသည်။

“မနက်ပိုင်းမှာ ၂ လုံး ပစ်တယ်။ မပစ်ခင်မှာ သူတို့က (စစ်တပ်) လက်နက်ကြီး စမ်းသပ်ပစ်ခတ်မယ်၊ မကြောက်ကြဖို့ စာသင်ကျောင်းက ဆရာဆရာမတွေကို သူတို့ လာပြောတယ်။ မနက်ပိုင်းမှာက ၂ လုံး ပစ်တယ်။ အဲ ၂ လုံးက လယ်တောထဲမှာ ကျသွားတယ်။ ညနေပိုင်းတစ်လုံးကတော့ ကျောက်အိုင်ဘက်မှာ ကျသွားတယ်။ သူတို့ တပ်ထဲကနေ လှမ်းပစ်တာ ကျောက်အိုင်ကျေးရွာက နေအိမ်ပေါ်ကျပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက် ကလည်း ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်။

ရေးမြို့နယ်အတွင်း အခြေစိုက်ထားသည့် စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သား ထိခိုက်သေဆုံးမှု ဆက်တိုက် ရှိလာသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တို့ အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားနေပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်။

IMNA ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here