အချိန်မီ ဆေးကုသခွင့်မရလို့ စစ်ရှောင်အဖိုးအို အမောဆို့သေဆုံး

0
264

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရင်း အသက် ၈၀ အရွယ် အဘိုးအိုတစ်ဦး အမောဖောက် သေဆုံးသွား‌ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူသည် အသက် ၈၀ နှစ်အရွယ် ဦးဖေသန်းဆိုသူ ဖြစ်ပြီး သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာသားဖြစ်ပြီး ရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေချိန်တွင် အမောဖောက် သေဆုံးသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“သူကအရင် စစ်ကြောင်းတွေ ဝင်တုန်းက ထွက်မပြေးဘဲ အိမ်ထဲမှာတင် ပုန်းနေတတ်တာ။ သားသမီးတွေက အတင်းဆွဲခေါ်ပြီး ပြောင်းလာတဲ့ ညမှာမှ အခုလို ထဖြစ်တာ။ ဆေးရုံဆေးခန်းပို့ရအောင် ကားလည်း ရှာမရဘူး။ ရွာက ဆေးဆရာမကလည်း ဘယ်မှာ ရှောင်နေရလဲ မသိတော့ ဆေးကုသခွင့်မရဘူးပေါ့” ဟု အသက် ၄၅ ဝဲရစ်ရွာသားတစ်ဦးက ပြောသည်။

ဇွန်လ ၈ ရက်နေ့မှ စတင်၍ သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်များကြား နှစ်ဘက်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ရာ ကျေးရွာများအတွင်း ရွာသားများအား ဖမ်းဆီးခြင်း၊ အကြောင်းမဲ့ ပစ်သတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသဖြင့် ကနက်သီရီ၊ ရငဲ၊ ဝဲရစ်၊ ကမြိုင်၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ သိမ်ကုန်း၊ မင်းဒပ်၊ ဝင်းဝ စသည့် ကျေးရွာများမှ ဒေသခံ ၁ သောင်းကျော်လည်း ယနေ့အချိန်ထိ စစ်ဘေးတိမ်းရှောင် နေရကြောင်း သိရသည်။

ဦးဖေသန်း မဆုံးမီ ဇွန်လ ၁၄ ရက်ရက် ညနေ ၆ နာရီခွဲခန့်ကလည်း ဝဲရစ်ကျေးရွာအနီးရှိ မင်းဒပ်ကျေးရွာတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးသံ အချက်ရေ ၅၀ ခန့် ကြားရသည် ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လကလည်း ရေဖြူမြို့နယ်အတွင်း ကလေးငယ် ၁ ဦးနှင့် အမျိုးသား ၁ ဦး စစ်ဘေးရှောင်နေချိန် အချိန်မီ ဆေးကုသခွင့်မရပဲ သေဆုံးခဲ့သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here