စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နှင့် ဗန်းမောက်မြို့သို့ ဆက်သွယ်ထားသော လမ်းမကြီးရှိ တုံစီကျေးရွာတံတားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ဖောက်ခွဲချိုးဖျက်ခဲ့ကြောင်း ဒေသခံများနှင့် ခရီးသွားပြည်သူများ ပြောသည်။
ဇွန်လ ၁၅ ရက် နေ့လည်ပိုင်းက အင်းတော်မှ ဗန်းမောက်သို့ ဆိုင်ကယ်ဖြင့် သွားလာခဲ့သည့် ဒေသခံ ခရီးသွားတစ်ဦးက “ကျွန်တော်လာခဲ့အချိန်မှာတော့ တံတားပေါ်ကနေ ဆိုင်ကယ်တော့ သွားလို့ ရသေးတယ်။ ကားတွေတော့ သွားလို့မရတော့ဘူး။ တံတားနားမှာတော့ PDF အဖွဲ့တွေ နေထားတယ်။ ရွာသာယာနားကနေ ကျွဲကောလမ်းဆုံအထိပဲ” ဟု ပြောသည်။
ဗန်းမောက်မြို့သို့ စစ်ကောင်စီစစ်ယာဉ်တန်း မသွားလာနိုင်ရန် အဓိက ရည်ရွယ်ပုံရသော်လည်း ကုန်ကားများပါ သွားလာရန် မဖြစ်နိုင်တော့သဖြင့် ဗန်းမောက်မြို့ပေါ်တွင် ကုန်စည်ပြတ်လပ်မှုနှင့် ကြုံတွေ့ရနိုင်ကြောင်း ဗန်းမောက်မြို့ပေါ်တွင် နေထိုင်သည့် ပြည်သူတစ်ဦးက အခုလို ပြောဆိုသည်။
“ဗန်းမောက်ကို စစ်ကြောင်းတွေ ထပ်ဝင်လာမယ်ဆိုတဲ့ သတင်းတွေတော့ ဖြစ်နေတယ်။ ဒါကြောင့်လည်း ဒီလမ်းပိုင်းကို ကာနေတဲ့ သဘောမှာ ရှိတယ်။ မြို့ပေါ်မှာ ကုန်ပစ္စည်းတွေတော့ ပြတ်သွားနိုင်တဲ့အတွက် ပြည်သူတွေတော့ ဒုက္ခရောက်နိုင်တာပေါ့” ဟု ၎င်းက ပြောသည်။
တုံစီကျေးရွာ တံတားကို လွန်ခဲ့သည့် နှစ်ရက်ခန့်က စတင်ဖောက်ခွဲခဲ့ခြင်းဖြစ်သော်လည်း အခုလောက် ဆိုးရွားခြင်းမရှိသေးကြောင်း ဒေသခံများက ဆိုသည်။
ဗန်းမောက်မြို့ခံတစ်ဦးက “ ဟိုအရင်နေ့ကတော့ အလယ်မှာပဲ အပေါက် ဖြစ်သွားတာ၊ အခုကတော့ ညွှတ်ကျသွားပြီ” ဟု ပြောဆိုသည်။
တုံစီကျေးရွာ တံတားဖောက်ခွဲမှုနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့အထိ ထုတ်ပြန် ကြေညာခြင်း မရှိသေးသော်လည်း အဆိုပါ လမ်းပိုင်းကို ပိတ်ဆို့ထားသည်မှာ လအနည်းငယ် ကြာပြီဟု ဗန်းမောက်မြို့ခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နန့်သာအောင်းကုန်းကျေးရွာတွင် တပ်စွဲထားပြီး အဆိုပါအနီးဝန်းကျင်တွင် PDF အဖွဲ့များနှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိ ဒေသခံများက ပြောဆိုသည်။
ရှမ်းနီအသံ – ပေးပို့သည်။