စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့၊ သာဇင်ကျေးရွာက အိမ်ခြေ ၇၀၀ ခန့်ကို စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်း ၁ လောင်း ပါ တွေ့ရှိရသည်ဟု ဒေသခံများက ပြောသည်။
နေအိမ် မီးရှို့ခံခဲ့ရသည့် ရွာခံတစ်ဦးက “ ဇွန် ၁၃ ရက်နေ့က အရှို့ခံရတာ။ ရွာက အိမ်ခြေ ၇၀၀ လောက်ပါသွားတယ်။ ရွာလည်စေတီပဲ ကျန်ခဲ့တယ်။ ဟိုဘက်ထိတော့ နည်းနည်း ကျန်တယ်။ မီးလောင်သေဆုံးနေတဲ့ အလောင်းက ဒေါ်သန်းမြင့်ရဲ့ အလောင်း၊ ရွာသားတွေ တွေ့ခဲ့ရတယ်” ဟု ပြောသည်။
သာဇင်ကျေးရွာအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်လာချိန် ဒေသခံရွာသားများက အသက်ဘေး လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရာ ၎င်းတို့၏ နေအိမ်များကို မီးရှို့သွားခဲ့ကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မီးလောင် ပျက်စီးမှုကြောင့် နေအိမ်များ အတွင်းရှိ ပစ္စည်းများ၊ ခြံဝန်းအတွင်းရှိ ပစ္စည်းများ မည်သည်မျှ မကျန်ရှိတော့ကြောင်းနှင့် သာဇင်ရွာ အနီးရှိ ကျေးရွာများကိုလည်း စစ်ကောင်စီတပ်များက ဝင်ရောက်မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်သွားကြောင်း ဒေသခံများက ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်က သာဇင်ကျေးရွာနှင့် အနီးကျေးရွာများရှိ ဒေသခံ ၃၀ ကျော်ကို ဓားစာခံ လူသားဒိုင်းသဖွယ် ဖမ်းဆီးသွားသည်ဟု ဒေသခံများ၏ ပြောပြချက်ရ သိရှိရသည်။
အလားတူ ဇွန်လ ၁၄ ရက် တွင် အိုင်းဓမ္မရွာနှင့် ပေါက်မရွာများသို့ စစ်ကောင်စီတပ်အင်အား အများပြားဖြင့် ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။
လက်ရှိအချိန်၌ နေအိမ်များ မီးရှို့ခံရသည့် ဒေသခံကျေးရွာသားများအတွက် အစားအသောက်၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
“တော်တော်များများ ဒုက္ခရောက်နေတာ။ ဒီကာလက သိတဲ့အတိုင်း မိုးဒဏ်လေဒဏ်နဲ့လေ။ အကူညီတော့ အနည်းအများ လိုကြတာပေါ့” ဟု အသက်ဘေး လွတ်မြောက်ရန် ရှောင်ပြေးလာသည့် ရွာခံစစ်ဘေးရှောင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များ ကျေးရွာများအတွင်းဝင်ရောက်ပြီး နေအိမ်မီးရှို့ဖျက်ဆီးမှုများကို စစ်ကိုင်းတိုင်းအတွင်း အများဆုံး ပြုလုပ်လျက်ရှိကြောင်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်နေသူများ၏ ပြောပြချက်အရ သိရသည်။
နိရဉ္စရာ ပေးပို့သည်။