ဖိအားပေးစေခိုင်းလို့ စပါးစိုက်ရန် လယ်ထဲဆင်းလာသူ မိုင်းနင်းမိပြီး ခြေထောက်ပြတ်

By MPM 14 ဇွန်, 2023 👁

စစ်ကောင်စီက လယ်များ မဖြစ်မနေ ပြန်စိုက်ပျိုးရမည်ဟု အဓမ္မ ဖိအားပေး စေခိုင်းနေသဖြင့် စပါးစိုက်ပျိုးရန် လယ်ထဲဆင်းလာသည့် ပုလောမြို့က အမျိုးသားတစ်ဦး မိုင်းနင်းမိကြောင်း ဒေသခံရွာသားများက ပြောသည်။

အဆိုပါ အမျိုးသားသည် ပုလောမြို့နယ်၊ ပလမြို့၊ ရဲစခန်းအနောက်ဘက်ရှိ လယ်ကွင်းအတွင်း စပါးစိုက်ပျိုးရန် ပြင်ဆင်နေစဉ် မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားသည့် အတွက် မြိတ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း ရွာသားများ ဆိုသည်။

အသက် ၅၀ အရွယ် ကျေးရွာခံ လယ်လုပ်ကိုင်သူတစ်ဦးက “သူ့လယ်က ပလရဲစခန်းနောက်မှာပါ။ “ဂျိမ်း” ဆိုတဲ့ အသံက အတော်ကြမ်းတာ၊ မြေကြီးပါ တုန်တယ်။ တခြားလူတွေလည်း အခုလိုဖြစ်တော့ လယ်ထဲဆင်းရမှာ ကြောက်နေကြကုန်ပြီ” ဟု ပြောသည်။

မိုင်းနင်းမိသူမှာ ပလမြို့ အမှတ် – ၄ ရပ်ကွက်တွင် နေထိုင်သည့် ကိုကျော်လင်းအောင် အသက် ၃၅ နှစ် ဆိုသူဖြစ်ပြီး ဇွန်လ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်က လယ်ထဲဆင်းရာမှ ပြန်အတက်တွင် မိုင်းနင်းမိခြင်းဖြစ်သည်ဟု လယ်ပိုင်ရှင်များက ဆိုသည်။

ရဲစခန်း အနောက်ဘက်ရှိ ဒေသခံအများစု ပိုင်ဆိုင်သည့် လယ်ကွင်းများအတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် ဗုံးသီးများနှင့် စစ်တပ်က ထောင်ထားသည့် မိုင်းများလည်း ရှိနေနိုင်သေးသည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ် အပါအဝင် ရဲစခန်း တာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးမှူးများက မိုင်းထောင်ထားသည့်နေရာများနှင့် သွားလာခွင့်မရှိသည့် နေရာများကို ကန့်သတ်နယ်မြေ သတ်မှတ်ကြေညာပေးရန် မျှော်လင့်နေကြောင်း လယ်ပိုင်ရှင်များက ပြောသည်။

ပလမြို့ ရဲစခန်းအနောက်ဘက်နှင့် နတ်အိမ်ကွင်း (ဒေသအခေါ်) နေရာနှစ်ခုတို့ရှိ ဧက ၁၀၀၀ နီးပါးရှိသည့် လယ်မြေများကို ယမန်နှစ် စပါးရိတ်သိမ်းပြီးချိန်ကတည်းက အမှတ် – ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြင်ရှိန်က စပါးစိုက်ပျိုးခွင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ဇွန်လ ၅ ရက်က စစ်ကောင်စီခန့် အုပ်မြို့နယ်ချုပ်ရေးမှူး ဦးကြင်ရှိန်ကိုယ်တိုင် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ဦးဆောင်အစည်းအဝေး ခေါ်ယူပြီး လယ်ပိုင်ရှင်များအား ယခုနှစ်မိုးရာသီ၌ မဖြစ်မနေ စပါးပြန်လည် စိုက်ပျိုးကြရန် အဓမ္မ ဖိအားပေး စေခိုင်းခဲ့ကြောင်း ရွာသားများက ပြောသည်။

စပါးပြန်လည် စိုက်ပျိုးမည့်သူများအား ဝန်ခံလက်မှတ် ထိုးစေခဲ့ပြီး၊ စိုက်ပျိုးခြင်း မရှိသည့် လယ်များကို ဦးကြင်ရှိန်က ၎င်းအပိုင်အနေဖြင့် သိမ်းယူစိုက်ပျိုးသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး စပါးထွက်သည့် အချိန်တွင်လည်း လယ် ၁ ဧကကို ၁ တင်းနှုန်းဖြင့် အခွန်ပေးဆောင်ကြရန် ကန့်သတ်ခဲ့သေးကြောင်း ကျေးရွာများက ပြောသည်။

ပုလောမြို့နယ်အတွင်း စစ်ကောင်စီက စက်သုံးဆီနှင့် ဆန် ဝယ်ယူခွင့်ကို အကန့်အသတ်ဖြင့် လုပ်ဆောင်နေသည့်အတွက် မိုးကာလအတွင်း စားနပ်ရိက္ခာ အခက်အခဲများ ရှိလာမည်ကို စိုးရိမ်နေကြရသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်က ပုလောမြို့နယ်အတွင်း နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းနှင့် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လယ်ယာ မလုပ်ကိုင်ရဘဲ လက်လွှတ်ဆုံးရှုံးခံထားရသည့် လယ်ဧက အများအပြား ရှိနေသည်ဟု ပုလောဒေသခံများက ပြောဆိုသည်။

NMG – ပေးပို့သည်။