ကရင်နီ (ကယား) ပြည်နယ် မယ်စဲ့မြို့ မြန်မာ-ထိုင်း နယ်စပ်တလျှောက်ရှိ စစ်ကောင်စီ တပ်စခန်းများကို ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒေသခံ ၃ ထောင် ကျော် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း ထိုင်းသတင်းဌာန AEC ASEAN News တွင် ဖော်ပြထားသည်။
ကရင်နီပြည်နယ် သံလွင်မြစ် အရှေ့ဘက်ကမ်းရှိ မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၃ ခုကို ဇွန်လ ၁၃ ရက်က ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA)နှင့် PDF ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အဆိုပါဒေသတွင် နေထိုင်သည့် ဒေသခံများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ထိုင်းနိုင်ငံဘက်က စစ်ဘေးဒုက္ခသည်များကို ယာယီခိုလှုံခွင့် ပေးထားပြီး ကရင်နီဘက်မှ ကယ်ဆယ်ရေး အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင် ပေးနေကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ခံ ခူးညေးရယ်က အတည်ပြု ပြောဆိုသည်။
“မယ်ဟောင်ဆောင်ခရိုင် မယ်စရီယန်မြို့နယ်ထဲက ရွာတွေဆီ တစ်ရွာကို တစ်ရာကျော်၊ နှစ်ရာလောက်စီ ရောက်တယ်။ အားလုံးပေါင်းဆိုရင် တစ်ထောင်ကျော်လောက် အထိ ရောက်ကြတယ်ပေါ့။ ထိုင်းသတင်းက ၃ ထောင်ကျော် ဆိုပြီး ပြောတယ်။ လောလောဆယ် အစားအစာ၊ ရေနဲ့ နေဖို့ ပေးထားတယ်။ ထိုင်းအာဏာပိုင်တွေ ဘက်က ပြောတာကတော့ ကရင်နီဘက်က ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက် ကြရမယ်လို့ ပြောတယ်။ တိုက်ပွဲတွေ ငြိမ်သွားရင် ပြန်ကြဖို့ ပြောတယ်” ခူးညေးရယ်က ဆိုသည်။
စစ်ကောင်စီ တပ်စခန်းများ သိမ်းပိုက်ခံလိုက်ရသည့်အတွက် ဇွန်လ ၁၃ ရက် မနက် ၁၀ နာရီ ကျော်လောက်က ဂျက်ဖိုက်တာ ၄ စီး လာရောက် ပစ်ခတ်ခဲ့ကြောင်း၊ နေ့လယ်ပိုင်းတွင်လည်း ရဟတ်ယာဉ်များနှင့် ပစ်ခတ်ခဲ့သလို ညဖက်တွင်လည်း ဂျက်ဖိုက်တာ ၄ စီးဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း ခူးညေးရယ်က ပြောသည်။
လေကြောင်းမှ တိုက်ခိုက်ခံရမှုများကြောင့် ဒေသခံများသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေရခြင်းဖြစ်ပြီး လက်တွေ့မြေပြင် အခြေအနေအရ စစ်ဘေးဒုက္ခသည် ၁ သောင်းကျော်အထိ ရှိနိုင်ကြောင်း ဒေသခံများက ပြောသော်လည်း ထိုင်းအာဏာပိုင်များက ၃ ထောင်ကျော်ဟု ပြောဆိုရာတွင် အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၅ ရက် ကလည်း ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်၌ စစ်ကောင်စီတပ်နှင့် KNLA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်သို့ ဒေသခံ ၁ သောင်းကျော် ထွက်ပြေးခိုလှုံခဲ့ရသည်။
နိရဉ္စရာ ပေးပို့သည်။