IEC ကောင်စီ ဖွဲ့စည်းခြင်းအပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့

By MPM 14 ဇွန်, 2023 👁

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State – IEC) ဖွဲ့စည်းခြင်းအပေါ် ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာကို ဇွန် ၁၂ ရက်က ပေးပို့ခဲ့သည်။

ကိုးကန့် (MNDAA)၊ တအာင်း (TNLA)၊ ရက္ခိုင် (AA) ညီနောင်မဟာမိတ် ၃ ဖွဲ့က ပေးပို့သည့် ဂုဏ်ပြု သဝဏ်လွှာတွင် ကရင်နီလူမျိုး အနေဖြင့် မိမိလူမျိုး၊ မိမိအဖွဲ့အစည်း၊ မိမိကောင်စီ အတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ပြီး မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ကြိုဆိုကြောင်း ရေးသားထားသည်။

ယင်းအပြင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုး အသီးသီးတို့သည် မိမိလူမျိုးကို မိမိတို့လူမျိုးများဖြင့် ဖွဲ့စည်းထားသော ကာကွယ်ရေးတပ်ဖြင့် အကာအကွယ် ပေးနိုင်ရေး၊ သယံဇာတနှင့် အခွန်ဘဏ္ဍာများကို ကိုယ်တိုင် စီမံခွင့်ရရှိရေး၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့ အပါအဝင် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ဆုံးဖြတ် ပိုင်ခွင့် ရရှိရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေးတို့အတွက် စစ်ရေး၊ နိုင်ငံရေး နည်းလမ်းများဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသည်မှာ နှစ်ပေါင်း (၇၀) ကျော် ကြာမြင့်ခဲ့ပြီဟု ဂုဏ်ပြုသဝဏ်လွှာ ရေးသားဖော်ပြသည်။

ပုံစာ – ညီနောင်မဟာမိတ် ၃ ဖွဲ့က ပေးပို့သည့်သဝဏ်လွှာ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် နောက်ပိုင်းမှစ၍ ပြောင်းလဲလာသော မြန်မာ့နိုင်ငံရေး အပြောင်းအလဲထဲတွင် အဖွဲ့အစည်းအသစ်များ ပေါ်ပေါက်လာခြင်းနှင့်အတူ နဂိုရှိနှင့်ပြီးသား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့အဖွဲ့အစည်း၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို နည်းလမ်း အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ကြသည်များကို ထင်ရှားစွာ တွေ့မြင်ရသည်ဟုလည်း ထိုသဝဏ်လွှာတွင် ဆက်ဖော်ပြထားသည်။

ထိုအထဲတွင် ကရင်နီလူမျိုးသည်လည်း အပါအဝင်ဖြစ်ပြီး ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီးနောက် ကရင်နီပြည်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီ ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် ဖွဲ့စည်း နိုင်ခဲ့သည်မှာ တော်လှန်ရေးကာလအတွင်း အခြေအနေနှင့် လိုက်လျောညီထွေစွာ ကရင်နီလူမျိုးမှ နောက်ထပ်ခြေလှမ်းသစ် တစ်ခုအား ရဲဝံ့စွာ လှမ်းလိုက်ခြင်းဖြစ်၍ ဤလုပ်ရပ်အပေါ် မိမိတို့မှ အပြုသဘောဖြင့် ကြိုဆိုပါကြောင်း ဆက်လက် ရေးသားထားသည်။

နိရဉ္စရာ ပေးပို့သည်။